Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ပြည်သူလူထု အတွက် One Stop Service စီမံဆောင်ရွက် ပေးနိုင်မှုများ ဆောင်ရွက်ရမည် ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြောကြား

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက စည်ပင်သာယာရေးအဖွဲ့များ အလုပ်ရုံဆွေးနွေးပွဲ တွင်မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ပြည်သူလူထု အတွက် One Stop Service စီမံဆောင်ရွက် ပေးနိုင်မှုများ ဆောင်ရွက်ရမည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက စည်ပင်သာယာရေးအဖွဲ့များ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် အာရှဖောင်ဒေးရှင်းနှင့် ရန်ကုန်မြို့ အခြေစိုက် ဉာဏ်သစ်လင်း မူဝါဒဆိုင်ရာ သုတေသနအဖွဲ့ (Renaissance Institute) တို့က စီစဉ်သော စည်ပင်သာယာရေး အဖွဲ့များ၏ ကောင်းမွန်သော အလေ့အထများ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ နံနက်(၉)နာရီတွင် တာမွေမြို့နယ်ရှိ Chatrium Hotel ၌ ပြုလုပ်ခဲ့သည်။

” စည်ပင်သာယာဟာ ပြည်သူလူထုအတွက် ဝန်ဆောင်မှုကောင်းတွေကို ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေတွေဖြစ်အောင် One Stop Service စီမံဆောင်ရွက်ပေးနိုင်မှုတွေကို ဆောင်ရွက်ရပါမယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်မြို့ကို စနစ်တကျဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ဖြေလျော့မှုများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုနှင့် အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုကိုယ်တိုင်က စည်ပင်သာယာ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုပြီး ထောက်ခံမှုတွေ ရလာနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

မကြာခင် ကျင်းပမည့် စည်ပင်သာယာ ရွေးကောက်ပွဲတွင် ဥပဒေ၊ နည်းဥပဒေတွေနှင့် အညီ ဆောင်ရွက်မှာ ဖြစ်ပြီး၊ နိုင်ငံရေး ပါတီများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်းကို ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ စည်ပင်သာယာလုပ်ငန်းများ တိုးတက်ဖို့အတွက် နည်းပညာများကို အသုံးပြုခြင်း၊ ပြည်သူများ အခွန်ပေးဆောင်ရာတွင် အဆင်ပြေစေရန် အတွက် ပြည်သူ့ဆက်ဆံရေး သင်တန်းကိစ္စ၊ စည်ပင်သာယာ အခွန်ကောက်ခံမှုစနစ် ပိုမိုတရားမျှတမှုရှိရေး နည်းလမ်းများကို သုံးသပ်ပြီး အပြန်အလှန် အကြံဉာဏ်များ ဖလှယ်နိုင်ရန်ဖြစ်သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲမှာ ဇန်နဝါရီ ၂၃ရက်မှ ၂၅ရက် နေ့အထိဖြစ်ပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ခုမှ စည်ပင်သာယာ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.