Sport
အားကစား ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော Yangon Heritage Night Run 2026 ကျင်းပ
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)
အားကစားခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော Yangon Heritage Night Run 2026 ကို မေ ၉ ရက်က ကျင်းပခဲ့ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ဦးအောင်သီဟက ဆင်ဟွာသို့ မေ ၁၀ ရက်တွင်ပြောသည်။အခြားနိုင်ငံများတွင် ကျင်းပလေ့ရှိသည့်အတိုင်း မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာအဆင့်မီ ညဘက်အပြေးပြိုင်ပွဲများကို မိတ်ဆက်ပေးရန်၊ ပိုမိုကျန်းမာသော လူ့အဖွဲ့အစည်းဖြစ်လာစေရန်၊ အားကစားကို အခြေခံသော ခရီးသွားလုပ်ငန်းကို အထောက်အကူပြုရန်နှင့် ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံများကို လူသိများလာစေရန် ရည်ရွယ်၍ အဆိုပါ ညဖက်အပြေးပြိုင်ပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင်အဆိုပါအပြေးပြိုင်ပွဲကိုရန်ကုန်မြို့ရှိ ခရီးသွားများအား ဆွဲဆောင်နိုင်မည့် ရှေးဟောင်းအမွေအနှစ် အဆောက်အုံများကို မြှင့်တင်ရန်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်သည့် အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသွားလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၅ ကီလိုမီတာ အပြေးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သူ အသက် ၄၉ နှစ်အရွယ် ပြိုင်ပွဲဝင် ဦးကျော်မင်းသိန်းက ၎င်းအနေဖြင့် ဆုရရှိသည့်အတွက် ဝမ်းသာမိကြောင်းနှင့် လူအများအပြားနှင့်အတူ ပျော်ပျော်ပါးပါး ယှဉ်ပြိုင်ပြေးရသည်ကို နှစ်သက်မိကြောင်း ပြောကြားခဲ့သည်။
ညဘက်တွင် ပြေးခြင်းသည် ပြိုင်ပွဲဝင်များအား ရန်ကုန်မြို့၏ ညအလှကို ခံစားနိုင်စေရုံသာမက ပြေးနေစဉ်အတွင်း ရန်ကုန်မြို့၏ အမွေအနှစ်အဆောက်အအုံများကိုပါ မြင်တွေ့နိုင်စေကြောင်းနှင့် အပြေးလေ့ကျင့်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။အဆိုပါအပြေးပြိုင်ပွဲတွင် ၁၅ ကီလိုမီတာလမ်းကြောင်း နှင့် ၅ ကီလိုမီတာ ပွဲစဉ်နှစ်ခုတွင် ပြိုင်ပွဲဝင် ၄,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြရာ နိုင်ငံခြားသားပြိုင်ပွဲဝင် ၂၀၀ ခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
