Connect with us

Sino-Myanmar

တရုတ်နိုင်ငံအစိုးရက ပံ့ပိုးကူညီပေးသည့် ကာကွယ်ဆေးများအား ကျောင်းနေအရွယ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေးမည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ယခုအကြိမ် ပံ့ပိုးပေးသော ကာကွယ်ဆေးများကို ကျောင်းနေအရွယ် ကလေးငယ်များနှင့် နာတာရှည်ရောဂါခံစားနေရသော သက်ကြီးရွယ်အိုများအတွက် ထပ်ဆောင်းကာကွယ်ဆေး (booster) အဖြစ် ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီ ၁၉ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ – Chinese Embassy in Myanmar)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီ ၁၉ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ – Chinese Embassy in Myanmar)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့က ဇန်နဝါရီ ၁၉ ရက်တွင် ကာကွယ်ဆေးအကူအညီပေးရေးစီမံကိန်းဆိုင်ရာ လွှဲပြောင်းပေးအပ်ခြင်းလက်မှတ်အား လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်စဉ် (ဓာတ်ပုံ – Chinese Embassy in Myanmar)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည် ။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အကြိမ်ရေ ၆၁ သန်းခန့် ပံ့ပိုးပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာနကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် စီစဉ်ထားကြောင်း၊ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအတွက် မြန်မာနိုင်ငံမှ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အဓိကထိုးနှံထားပြီး လတ်တလောကာလတွင် ကူးစက်မှုနှုန်း အလွန်နည်းပါးလာကာ သေဆုံးမှုနှုန်း မရှိသလောက်ဖြစ်လာကြောင်း၊ တရုတ်ကာကွယ်ဆေးများသည် ပြင်းထန်သောရောဂါ ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း လျှော့ချရာတွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိသည်ကို ယင်းက သက်သေပြနေကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံပြည်တွင်း၌ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် အထွတ်အထိပ်ကာလကို ကျော်လွန်ခဲ့ပြီး ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံအစိုးရ၏ ထိမိတိကျသော၊ သိပ္ပံနည်းကျသော၊ ထိရောက်သော ကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ၏ အကျိုးရလဒ်ပင် ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်ဦးနှစ်ဖက်၏ အတူတကွကြိုးပမ်းမှုဖြင့် နှစ်သစ်တွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ၌ ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ရရှိမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ကျန်းမာရေး အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်စေရေးအတွက် တိုးမြှင့်ဆောင်ရွက်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရေးလုပ်ငန်းစဉ်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ။

ယင်းအခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် ကာကွယ်ဆေးအကူအညီပေးရေးစီမံကိန်းဆိုင်ရာ လွှဲပြောင်းပေးအပ်ခြင်းလက်မှတ်အား လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည် ။ (Xinhua)