Connect with us

Sino-Myanmar

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကမြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Haiသည် ဇွန် ၂ ရက်၌ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်သို့ သွားရောက်၍ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်သော မြန်မာနိုင်ငံ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဇွန် ၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

သံအမတ်ကြီး Mr. Chen Hai က ဗန်းမော်ဆရာတော်ကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းအတွက် အရေးပါစွာ အကျိုးပြုခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဗန်းမော်ဆရာတော်ကြီး သက်တော် ၉၀ အရွယ်တွင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းတို့နှင့် ကူးလူးဖလှယ်ခဲ့ကြောင်း၊ ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းအတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနယ်ပယ်မှ ဆရာတော်ကြီး၏ ကြီးမြတ်သောဆန္ဒများကို ဆက်လက် အမွေဆက်ခံပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းကို ဆက်လက်လက်ဆင့်ကမ်း အမွေဆက်ခံကာ ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံမှ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ တာဝန်ခံအား ပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းသည်လည်း မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)