Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အတွင်းရှိ အစိုးရ တပ်စခန်းများ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရ

ဆီးရီးယား နိုင်ငံ အတွင်းရှိ အဆောက်အဦများ တိုက်ပွဲကြောင့် ပျက်ဆီး နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံပိုင် ရုပ်သံ ဌာန ၏ ထုတ်လွှင့်ချက် အရ ဆီးရီးယား နိုင်ငံ Hama ပြည်နယ် နှင့် Aleppo ပြည်နယ် အတွင်းရှိ အစိုးရ တပ်စခန်းများသည် ဧပြီလ ၂၉ ရက်နေ့ ညပိုင်း အချိန်တွင် ဒုံးကျည်များ ဖြင့် တိုက်ခိုက် ခံခဲ့ရကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များတွင် ဧပြီလ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် ခန့် အချိန်တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ တပ်စခန်းများသည် ဒုံးကျည်များဖြင့် တိုက်ခိုက် ခံခဲ့ရကြောင်း ၊ သို့သော်လည်း ဆီးရီးယား နိုင်ငံ ဒုံးကျည်ကာကွယ်ရေး စနစ် မှ တိုက်ခိုက်လာသည့် ဒုံးကျည်များ ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တိုက်ခိုက်ခံရမှု နှင့် ပတ်သက်၍ ဆီးရီးယား နိုင်ငံ အစိုးရ နှင့် စစ်ဘက်ဆိုင်ရာ တို့မှ တရားဝင် ထုတ်ပြန်ချက်များ မထုတ်ပြန်သေးကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် ဧပြီလ ၂၉ ရက်နေ့ ၌ ဒမတ်စကက်စ် တောင်ပိုင်း ရှိ IS အစွန်းရောက် အဖွဲ့အစည်း ၏ တပ်စခန်းများအား ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့က ယင်းနေ့ တွင် နိုင်ငံ အရှေ့ပိုင်း Deir ez-Zor ပြည်နယ် Euphrates အရှေ့ဘက်ကမ်းရှိ ရွားများကို စစ်ရေးတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ ဒေသတွင်းရှိ Kurd လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရေစီ တပ်ဖွဲ့ နှင့် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဧပြီ လ ၁၃ ရက်နေ့ ညပိုင်း အချိန်တွင် အမေရိကန် နိုင်ငံ ဦးဆောင်၍ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံ တို့က ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့များကို ဒုံးကျည်များဖြင့် တိုက်ခိုက်မှု စတင်ဆောင်ရွက် ခဲ့သည်။ ယင်းဆောင်ရွက်မှု နှင့် ပတ်သက်၍ နိုင်ငံအချို့၏ နိုင်ငံတကာ ဥပဒေ နှင့် ညီမညီ သံသယဖြစ်မှု ကို ခံခဲ့ရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း မှလည်း ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှု အား တရားမျှတစွာ စစ်ဆေးမှု ဆောင်ရွက်ရန် တိုက်တွန်းမှုများ ထွက်ပေါ်လာစေခဲ့သည်။(Xinhua)