Connect with us

Asia

အိန္ဒိယအတိုက်အခံခေါင်းဆောင် ဆိုနီယာဂန္ဒီ ဆေးရုံတက်ရ

အိန္ဒိယနိုင်ငံ အတိုက်အခံခေါင်းဆောင် ဆိုနီယာဂန္ဒီအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် မစ္စက်ဆိုနီယာဂန္ဒီသည် မြို့တော်ဒေလီရှိ ဆေးရုံတစ်ရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အသက် ၆၉ နှစ်အရွယ်ရှိ အတိုက်အခံခေါင်းဆောင်သည် သြဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်းက ဒေလီမြို့ရှိ Sir Ganga Ram ပုဂ္ဂလိကဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ကျန်းမာရေးအတွက် ဆေးရုံပေါ်၌ ၂ရက်ကြာ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း ဆရာဝန်များက သြဂုတ်လ ၁၉ ရက်တွင်ပြောသည်။
“ ဂန္ဒီဟာ ကျန်းမာရေး ပြန်လည် နလံထူလာဖို့ဆေးရုံမှာနေပြီး ရုပ်ပိုင်းဆိုင်ရာကုထုံးတွေ ခံယူသွားရမှာပါ။ သူနေကောင်းသွားပြီးဆိုရင်တောင် ရက်အနည်းငယ်ကြာအောင် ကျွန်တော်တို့ရဲ့ အနီးကပ် ကြည့်ရှု့မှုအောက်မှာနေသွားရပါမယ်” ဟု အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးက ဆိုသည်။
ကွန်ဂရက်ပါတီဥက္ကဋ္ဌသည် ပခုံးကြွက်သားနာကျင်မှု နှင့် ရေဓာတ်ခန်းခြောက်မှုကြောင့် ၎င်းဆေးရုံ၌ ၁ဝ ရက်ကျော် ဆေးကုသမှုခံယူခဲ့ပြီး သြဂုတ်လ ၁၃ ရက်ကမှ ဆေးရုံက ဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဂန္ဒီသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ မဲဆန္ဒနယ်ဖြစ်သည့် ဗာရာဏသီ၌ ပြုလုပ်သော ဟောပြောပွဲအပြီး တစ်ရက်အကြာတွင် စစ်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူခဲ့ရသေးပြီး သြဂုတ်လ ၃ ရက်တွင် ၎င်းစစ်ဆေးရုံမှတဆင့် Sir Ganga Ram ပုဂ္ဂလိကဆေးရုံသို့ပြောင်းရွှေ့ဆေးကုသမှုခံယူခဲ့သည်။
ဆိုနီယာဂန္ဒီသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ Uttar Pradesh ပြည်နယ်၌ ပြုလုပ်သည့် ဟောပြောပွဲအပြီးတွင် ပခုံးကြွက်သားနာကျင်မှုဝေဒနာခံစားခဲ့ရပြီး Sir Ganga Ram ဆေးရုံ၌ပင် ဝဲဖက်ပခုံးအား ခွဲစိတ်ကုသမှုခံယူခဲ့ရသေးသည်။
၂ဝ၁၄ ခုနှစ်တွင် ဂန္ဒီသည် ကူးစက်ရောဂါဖြင့် ဒေလီဆေးရုံ တက်ခဲ့ရသည်။ ထို့ပြင် ၂ဝ၁၃ ခုနှစ်ကလည်း အိန္ဒိယလွှတ်တော်တွင် ရှိနေစဉ် နေမကောင်းသဖြင့် နာရီအနည်းငယ်ကြာ ဆေးရုံတက်ခဲ့ရသေးကြောင်း သိရသည်။
၎င်းသည် ၂ဝ၁၁ ခုနှစ်က အမေရိကန်ပြည်ထောင်စုသို့သွားရောက်၍ ခွဲစိတ်ကုသမှုခံယူခဲ့ရသော်လည်း ခွဲစိတ်မှုနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ကွန်ဂရက်အစိုးရရော ကွန်ဂရက် ပါတီကပါ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဂန္ဒီသည် မုဆိုးမတစ်ဦးဖြစ်ပြီး ယခင်အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ ဇနီးဖြစ်သည်။ ထို့ပြင် ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲတွင် မိုဒီဦးဆောင်သော Bharatiya Janata ပါတီကို ရှုံးနိုမ့်ခဲ့သော ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်လည်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.