Connect with us

International Organizations

UNICEF ဆိုင်ရာ တရုတ်ချစ်ကြည်ရေးသံတမန်က ကလေးငယ်အားလုံးအတွက် အရည်အသွေးပြည့်ဝသော ပညာသင်ကြားခွင့် ရရှိရေး တောင်းဆို

ကုလသမဂ္ဂဌာနချုပ်တွင် မိန့်ခွန်းပြောကြားနေသော တရုတ်ချစ်ကြည်ရေးသံတမန် Wang Yuan အားတွေ့ရစည်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့(UNICEF) ဆိုင်ရာ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက်အရွယ် ချစ်ကြည်ရေးသံတမန် ဝမ်းယွမ် (Wang Yuan) က ကမာ္ဘတစ်ဝန်းရှိ ကလေးငယ်အားလုံးအတွက် အရည်အသွေးပြည့်ဝသော ပညာသင်ကြားခွင့်ရရှိစေရေး တွန်းအားပေးသွားရန် နိုဝင်ဘာ ၂၀ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နာမည်ကျော် လူငယ်တီးဝိုင်းအဖွဲ့တစ်ခုဖြစ်သော TFBoys အဖွဲ့မှ အဆိုတော် ရွိုင်းဝမ်း (Roy Wang) အဖြစ်လူသိများသည့် ဝမ်းယွမ် (Wang  Yuan) က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်(CRC) ပြဌာန်းခဲ့သည်မှာ နှစ်ပေါင်း ၃၀ တိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ဆိုင်ရာ ကြီးမားသော အောင်မြင်မှုများစွာကို တွန်းအားပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ကမာ္ဘပေါ်တွင် ပညာသင်ကြားခွင့်မရဘဲ နောက်ကျကျန်ရစ်နေသည့် ကလေးငယ်များစွာ ရှိနေသေးကြောင်း ၊ ၎င်းတို့၏ အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း နှင့် အထူးသဖြင့် ဝင်ငွေအလယ်အလတ် နှင့် ဝင်ငွေနိုမ့်ပါးသော နိုင်ငံများတွင် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ဆုံးရှုံးနေမှုကို အများဆုံး တွေ့မြင်နေရကြောင်း ၎င်းကဆိုသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၌ကျင်းပသည့် CRC နှစ်သုံးဆယ်ပြည့်အခမ်းအနားတွင် ယူနီဆက်ဆိုင်ရာ တရုတ်ချစ်ကြည်ရေးသံတမန်အဖြစ် မိန့်ခွန်းပြောကြားစဉ် ဝမ်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကလေးငယ်အားလုံး ပညာသင်ကြားခွင့်ရရှိရေး အကျပ်အတည်းအား ကျော်လွှားနိုင်ရန် တော်လှန်းပြောင်းလဲရေးတစ်ရပ်ကို ကမာ္ဘကြီးအနေဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အခြေခံပညာသင်ကြားမှုကို ကျေးလက်နေကလေးငယ်များနှင့် ရွှေ့ပြောင်းအခြေစိုက်ကလေးငယ်များအနေဖြင့် အပြည့်အဝ ရရှိသင့်ကြောင်း နှင့် လူငယ်လူရွယ်များအတွက် သက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက်များအပါအဝင်  ဘက်စုံ ပညာရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပေးသင့်ကြောင်း ၎င်းက ဆိုသည်။

ဝမ်သည် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက နယူးယောက်မြို့တော် အင်ပါယာစတိတ်အဆောက်အဉီတွင် ကျင်းပခဲ့သည့် “ကမာ္ဘ့ကလေးများနေ့”မီးထွန်းပွဲတော်သို့ လည်း တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်တွင် အထွေထွေညီလာခံ၌ ကျင်းပသော မျက်နှာစုံညီအစည်းအဝေးသို့ ကမာ္ဘ့နိုင်ငံအသီးသီးမှ ယူနီဆက်ဆိုင်ရာ ချစ်ကြည်ရေးသံတမန်များ ၊ လူငယ်ပညာရှင်များ ၊ အဆင့်မြင့်ကိုယ်စားလှယ်များ နှင့် ကျွမ်းကျင်သူများ စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝမ်းယွမ်ကို ၂၀၀၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ ချုံချင့်၌ မွေးဖွားခဲ့ပြီး သူသည် တေးရေး-တေးဆို ၊ သရုပ်ဆောင် နှင့် ရုပ်သံတင်ဆက်သူ တစ်ဉီး အဖြစ် တရုတ်နိုင်ငံ၌ ထင်ရှားသူတစ်ဉီးဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် ယူနီဆက်ဆိုင်ရာ တရုတ်ချစ်ကြည်ရေးသံတမန်အဖြစ် ခန့်အပ်ခံရပြီး ယင်းနောက်တွင် ကမ္ဘာတစ်လွှား ်ပညာရေးမြှင့်တင်မှုဆိုင်ရာ ယူနီဆက်အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။(Xinhua)