Connect with us

International Organizations

ပဋိပက္ခဇုံတွင် ရံပုံငွေမလုံလောက်မှုကြောင့် ကလေးငယ် သန်းနှင့်ချီ သေဆုံးနေရကြောင်း ယူနီဆက်ပြော

ပဋိပက္ခဒေသများတွင် ကလေးငယ်များ အဟာရချို့တဲ့မှုဖြစ်ပွားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ယူနီဆက် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလျက်ရှိသည့် ဒေသများတွင် ကလေးငယ် သန်းပေါင်းများစွာသည် အစာအဟာရ ပြတ်လတ်မှုပြဿနာဖြင့်ကြုံတွေ့နေရကြောင်း လူသားချင်စာနာမှုဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့(UNICEF) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ Stephan Dujarric က ယူနီဆက်(UNICEF) အနေဖြင့် ကမာ္ဘ့နိုင်ငံပေါင်း ၅၉ နိုင်ငံမှ ကလေးငယ် ၄၁ သန်းအတွက် အခြေခံကျန်းမာရေး ၊ ပညာရေး ၊ အဟာရ နှင့် ရောဂါကာကွယ်ရေးအတွက် အသုံးစားရိတ် ရံပုံငွေ ဒေါ်လာ၄ဒသမ၁၆ ဘီဘီယံ အနက် ယခုနှစ် လက်ရှိအချိန်အထိ ရံပုံငွေ ထက်ဝက်ကျော်ခန့်သာ လက်ခံရရှိထားကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် နောက်ဆုံး သုံးလပတ်ကာလ ရောက်ရှိလာချိန်ထိ ရံပုံငွေ ရရှိမှုကွာဟချက်မှာ ၄၆ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ယူနီဆက်က ဆိုသည်။

ပဋိပက္ခဒေသများတွင် ကလေးငယ်များ အဟာရချို့တဲ့မှုဖြစ်ပွားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

အရေးပေါ်ရံပုံငွေရရှိမှုကွာဟချက်အကြီးဆုံးနိုင်ငံများတွင် ပါကစ္စတန် ၊ ဘာကီနီဖူဆို နှင့် ဗင်နီဇွဲလား နိုင်ငံတို့ပါဝင်ကြောင်း ၊ အရေးပေါ်ထောက်ပံ့မှု အကြီးမားဆုံးလိုအပ်နေသော ဆီးရီးယား ၊ ယီမင် ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်လည်း ရံပုံငွေရရှိမှုမှာ သတ်မှတ်ပမာဏထက် အောက်တွင် များစွာ ကျန်ရှိနေဆဲဖြစ်ကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဉပမာအနေဖြင့် ကွန်ဂိုနိုင်ငံသည် လုံခြုံရေးအကြပ်အတည်း နှင့် လူသားချင်းစာနာမှုပြဿနာကို ကာလကြာရှည်စွာ ခံစားခဲ့ရပြီး နိုင်ငံအတွင်းရှိ လူမှုအသိုက်အဝန်းအတွက် မဖြစ်မနေ ထောက်ပံ့ကူညီပေးရန် အရေးပေါ်ရံပုံငွေ အမေရိကန်ဒေါ်လာ ၆၁ သန်း လိုအပ်နေကြောင်း နှင့် တစ်ချိန်တည်းမှာပင် အီဘိုလာရောဂါ ကူးစက်ခံရမှု အပြင်းအထန်ခံစားနေရသည့် ပတ်ဝန်းကျင်အနေအထားတစ်ခုကို တုံ့ပြန်ဖြေရှင်းရန် လိုအပ် နေကြောင်း သိရသည်။

ယူနီဆက်အမှုဆောင်ညွှန်ကြားရေးမှူး Henrietta Fore က အဖွဲ့အနေဖြင့် ပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ရန် တောင်းဆိုကြောင်း နှင့် ကလေးငယ်များအတွက် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ထပ်တိုးအလှူရှင်များ လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)