Connect with us

Business

တရုတ် လျှပ်စစ်သုံးမော်‌တော်ယာဉ်များက မြန်မာနိုင်ငံ၏ ခရစ္စမတ်အကြို မော်တော်ကားပြပွဲတွင် လူကြိုက်များရေပန်းစားလျက်ရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ခရစ္စမတ်အကြိုမော်တော်ကားပြပွဲတွင် ပြသထားသော တရုတ်အမှတ်တံဆိပ် လျှပ်စစ်သုံးမော်တော်ယာဉ်များကို လေ့လာနေသူများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

JMEV ၊ BAIC နှင့် LEAP Motor ကဲ့သို့ တရုတ် လျှပ်စစ်သုံးမော်‌တော်ယာဉ် (EV) အမှတ်တံဆိပ်များသည် ယခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်သော ခရစ္စမတ်အကြို မော်တော်ကားပြပွဲ၌ လူကြိုက်များ စိတ်ဝင်စားလျက်ရှိသည်။
အဆိုပါ ပြပွဲကို ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အိမ်ခြံမြေပြပွဲနှင့်အတူ ခရစ္စမတ်အကြို ကျင်းပခဲ့ခြင်းဖြစ်ကာ နောက်ဆုံးပေါ် EV မော်ဒယ်ကားများက ပြပွဲတက်ရောက်လာသူများ၏ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
“ကျွန်တော်တို့ ခရစ္စမတ်အကြို ဒီကားပြပွဲလေးကို စီစဉ်ဖြစ်တာပါ” ဟု ပြပွဲဖြစ်မြောက်ရေးစီစဉ်သူလည်းဖြစ်၊ မြန်မာနိုင်ငံရှိ CARSDB မော်တော်ကားကုမ္ပဏီမှ မန်နေဂျာတစ်ဦးက ပြောခဲ့သည်။ “ဒီမှာရှိတဲ့ EV ကား တော်တော်များများက တရုတ်နိုင်ငံက လာတာတွေပါ။ JMEV ၊ BAIC နှင့် LEAP Motor စတဲ့ အမှတ်တံဆိပ်တွေပါဝင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မော်တော်ကားပြပွဲတွင် EV ကား အများအပြားပါဝင်ပြသလာမှုနှင့် မြန်မာနိုင်ငံတွင် တရုတ် EV ကားများ ဝယ်ယူအသုံးပြုမှုတို့နှင့် စပ်လျဉ်း၍ ၎င်းက “မြန်မာနိုင်ငံမှာလည်း လူတော်တော်များများ EV ကားတွေ သုံးလာကြပါပြီ။ တရုတ် EV ကားတွေက ဈေးလည်းချိုတယ်။ ဆီဖိုးလည်းသက်သာတော့ မြန်မာဈေးကွက်မှာ အသုံးများလာတယ်” ဟု ရှင်းပြခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသို့ ဝင်ရောက်သော EV ကားအများစုမှာ တရုတ်နိုင်ငံမှဖြစ်သည်ဟု အဆိုပါမန်နေဂျာက ပြောခဲ့သလို “BYD လိုမျိုး တရုတ်အမှတ်တံဆိပ်တွေက အရည်အသွေးပိုင်းနဲ့ နည်းပညာပိုင်းအရ ဈေးကွက်မှာ ဦးဆောင်နေပြီး သုံးစွဲသူတွေကြားမှာလည်း လူကြိုက်ပိုများလာတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် EV ကားများအပေါ် လက်ခံမှု ပိုမိုထွန်းကားလာသည်နှင့်အညီ အားသွင်းနေရာများကဲ့သို့ မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံ ပြည့်စုံမှုအတွက် စိန်ခေါ်မှုများလည်း ရှိကြောင်း၊ ထိုသို့လိုအပ်သော အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ကုမ္ပဏီများစွာကလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် အချိန်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

မော်တော်ကားပြပွဲသို့ လာရောက်လေ့လာသူများကလည်း ခင်းကျင်းပြသထားသော EV ကားများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ ၎င်းတို့အနက် အသက် ၂၀ ကျော်အရွယ် မဇာကလည်း “EV ကားဝယ်မလို့ လာကြည့်တာပါ။ ဒီမှာက EV ကားတွေအကြောင်း ပိုသိရတယ်။ EV ကားကိုတော့ တစ်ခါမှမမောင်းဖူးပါဘူး။ ဒီပန်းရောင်ကားလေးကိုတော့ ကြိုက်တယ်” ဟု JMEV EV3 မော်ဒယ် ကားတစ်စီးကို ညွှန်ပြလျက် စိတ်လှုပ်ရှားစွာ ပြောပြခဲ့သည်။
ထို့ပြင် အသက် ၆၆ နှစ်အရွယ် ဦးကျော်သန်းက ဇနီးသည်အား EV ကား လာရောက်ပြသခဲ့သလို LEAP Motor လျှပ်စစ်ကားကိုလည်း စမ်းသပ်မောင်းနှင်ခဲ့သည်ဟု ဆိုသည်။ “ဒီကားတွေက ကျွန်တော်တို့လို အသက်ကြီးတဲ့သူတွေအတွက် ပိုအဆင်ပြေမယ်လို့ ထင်တယ်။ မောင်းရတာရော သက်သောင့်သက်သာဖြစ်တာရောပေါ့” ဟု ၎င်းက ပြောခဲ့သည်။
အသက် ၄၁ နှစ်အရွယ် Han Yun Long က ပြပွဲတွင် ပြသထားသော LEAP Motor T03 မော်ဒယ်ကားကို လေ့လာခဲ့သူဖြစ်သည်။ “EV ကားဝယ်မလို့ ကြည့်နေတာပါ။ ဘာလို့လဲဆိုတော့ EV ကားတွေက အသံငြိမ်တယ်။ ပြီးတော့ စီးရတာသက်သောင့်သက်သာဖြစ်တယ်။ ဒီမှာက ဆီကဝယ်လို့အဆင်မပြေဘူးလေ” ဟု ၎င်းက ဆိုသည်။
အဆိုပါ မော်‌တော်ကားပြပွဲတွင် ပါဝင်ပြသသော BAIC ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကိုဇေက လူကြိုက်များသော ကားမော်ဒယ်များကို ရှင်းပြခဲ့သည်။ “ကျွန်တော်တို့ ဒီပွဲမှာ EV ကားတွေရော ဆီကားတွေရော ပြသထားပါတယ်။ ကျွန်တော်တို့ပြသထားတဲ့အထဲမှာ ARCFOX Alpha T5 EV ကားလေးကို တော်တော်လေး စိတ်ဝင်စားကြတယ်။ ဘာလို့လဲဆိုတော့ ကားထဲမှာ ကာရာအိုကေဆိုလို့ရတယ်။ ရေခဲသေတ္တာပုံစံမျိုးလေးလည်းပါတယ်” ဟု ကိုဇေက ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်က တစ်နှစ်တာ လျှပ်စစ်သုံးမော်တော်ယာဉ်ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ချိန်မှစ၍ EV ကားဈေးကွက်သည် ဆက်လက် တိုးတက်လျက်ရှိကြောင်း တရားဝင်ထုတ်ပြန်ချက်သတင်းများအရ သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ စာရင်းအရ မြန်မာနိုင်ငံတွင် EV ခရီးသည်တင်ဘတ်စ်ကား သုံးစီးအပါအဝင် လျှပ်စစ်သုံးမော်တော်ယာဉ် အစီးရေ ၅,၈၁၆ စီး မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ခရစ္စမတ်အကြိုမော်တော်ကားပြပွဲတွင် ပြသထားသော တရုတ်အမှတ်တံဆိပ် လျှပ်စစ်သုံးမော်တော်ယာဉ်များကို လေ့လာနေသူများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.