Environment, Disasters & Accidents
မိုးကြီးမည့်သတိပေးချက်မိုးဇလထုတ်ပြန်
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့် (၁၀.၆.၂၀၁၈)ရက်နေ့မှ (၁၄.၆.၂၀၁၈)ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် မိုးကြီးမည့်သတိပေးချက် အားမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်း၏အရှိန်တို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပျက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း သိရသည်။ (Xinhua)