Environment, Disasters & Accidents
စေတုတ္တရာမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် စေတုတ္တရာ-ငဖဲ ကားလမ်းပျက်စီး
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ဇွန်လ (၉) ရက်မှ (၁၂) ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် စေတုတ္တရာ-ငဖဲလမ်းပိုင်းပေါ်တွင် ရေကြီး၊ ရေလျှံမှု ဖြစ်ပွားပြီး လမ်းပိုင်းများ ပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်၍ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အခွန်ဝေစုငွေဖြင့် ဆောင်ရွက်သည့် ကျောက်ဖူးကျေးရွာ ရေရှောင် လူသွားလမ်း (၄၀၀×၆×၉) ပေပျက်စီးခဲ့ပြီး စေတုတ္တရာ-ငဖဲ ကားလမ်း ကောင်းကြီးကျေးရွာအုပ်စု၊ ထမင်းချက် ကျေးရွာ မိုင်တိုင်အမှတ် ၂၈/၆ အနီးရှိ ရေပြွန်ပျက်စီးမှုကြောင့် ကတ္တရာ လမ်းအကျယ် ပေ(၅၀) ခန့် ပျက်စီး၍ အနက်(၁၀) ပေခန့်ရှိ လမ်းပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အတူ ရေသောင်ကျေးရွာအုပ်စု ရေသောင်ကျေးရွာအနောက်ဘက် ကျေးရွာတွင်းလမ်း ပေ(၂၀၀)ခန့် ပျက်စီးခြင်းနှင့် ထီးချောင်းရေတိုက် စားမှုကြောင့် ကမ်းပါးအရှည် ပေ(၄၀၀)ခန့် တိုက်စားသဖြင့် လူနေအိမ်နှင့် (၁၀) ပေခန့်သာ ကျန်ရှိပြီး လိုအပ်ပါက လူနေအိမ်(၃) လုံးခန့် ရွှေ့ပြောင်း ပေးရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)