Environment, Disasters & Accidents
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းက နိုဝင်ဘာ ၅ ရက်တွင် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၅ ရက်တွင် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၄ ရက်တွင် ပြောသည်။
ဦးလှထွန်းက “မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဒေသအနီးမှာ အရင်ကလည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်တာတွေရှိခဲ့ဖူးပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးများမယ်။ စိုက်ပျိုးရေးသမားတွေ အတွက် အခက်အခဲရှိနိုင်တယ်။ ဒီအချိန်က ကထိန်ရာသီဖြစ်နေတော့ မိုးကရွာတော့ ခက်တာပေါ့။ ဒီလေဖိအားနည်းရပ်ဝန်းက ရခိုင်ကမ်းရိုးတန်းကနေ တဖြည်းဖြည်း ဘင်္ဂလားဒေ့ရှ်ဘက်ကိုတော့ ရောက်သွားမယ်။ သူ့အရှိန်ကြောင့် မိုးရာသီလို မိုးရွာနေမယ် ” ဟု ပြောသည်။
မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ ၊ ရခိုင်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောမြစ်ဝကျွန်းပေါ်ကမ်းလွန်ဒေသများသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ဒေသအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ အထက်ပင့်တက်လေအားကောင်းရာမှ ဒေါင်လိုက်တိမ်ဖြစ်ထွန်းမှုအားကောင်းသည့်အတွက် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းကြောင့်လည်းကောင်း နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၆ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း အထူးမိုးလေဝသသတိပေးချက်ကို နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည်။
“ဒီအရှိန်ကြောင့် တစ်နိုင်ငံလုံးလိုလို မိုးကရွာနေတယ်။ တချို့ဒေသတွေကတော့ နေရာကွက်ပြီး မိုးကြီးတာပေါ့။ ရေကြောင်းပင်လယ်ပြင်ခရီးမှာဆိုရင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပင်လယ်ပြင်ထဲမှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးတာတွေဖြစ်နိုင်တယ်။ ပင်လယ်ပြင်ခရီးကို ဒီရက်တွေမှာ သတိထားသင့်ပါတယ်။ လေကြောင်းခရီးတွေမှာလည်း လေယာဉ်အဆင်းနဲ့ အတက်ကို သတိပြုသင့်ပါတယ်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စိုက်ဆင်းလေတိုက်တာတွေကိုလည်း သတိပြုရပါမယ်” ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားသည်။ ((Xinhua)


