Environment, Disasters & Accidents
ကလေး၊ ဟားခါးနှင့် ဖလမ်းမြို့တို့၌ မြေငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီး
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆငိဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းမြို့များတွင် ဧပြီ ၁၆ ရက် ညနေပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် ဖလမ်းမြို့နယ်၊ ဗါးရ်လုံကျေးရွာ၌ စာသင်ကျောင်းရှိ အဆောင် ၂ ဆောင်မှ အုတ်နံရံများ ပြိုကျခြင်း၊ ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာ၌ ရန်အောင်မြင် လာဘမုနိရွှေမုဌောစေတီတော်၏ စိန်ဖူးတော်မြေခခြင်း၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌ မြို့နယ်ထွေ/အုပ်ရုံး အဆောက်အဦ ပြတင်းပေါက်မှန်များ ကွဲအက်ခဲ့ခြင်း၊ မျက်နှာကျက် ၂ ခု ကွာကျခြင်း၊ မှန်ဘီရို ၁ လုံး၊ TV ၂ လုံး ကွဲအက်ခြင်း၊ မြို့နယ်စုပေါင်းရုံးအဆောက်အဦနံရံ ၇ နေရာ ကွဲအက်ခြင်း၊ ခရိုင်ပြန်/ ဆက်ရုံးအဆောက်အဦ မျက်နှာကျက်များ ကွာကျခြင်း၊ မှန်ဘီရို ၃ လုံး၊ စာအုပ်စင် ၂ ခု၊ ရေတိုင်ကီ ၁ ခု (၂၀၀၀ လီတာဆံ့) လဲကျခြင်း၊ ခရိုင်မီးသတ်အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များရှိ နံရံများ ကွဲအက်ခြင်းနှင့် ဈေးဆိုင်ခန်း ၁ ခု ပြိုကျပျက်စီးခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာ၌ ရန်အောင်မြင် လာဘမုနိရွှေမုဌောစေတီတော်၏ စိန်ဖူးတော်မြေခမှု့အားတွေ့ရစဉ် (ဓာတ်ပုံ-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့)
ချင်းပြည်နယ် ဖလမ်းမြို့အနီးတွင် ဧပြီ ၁၆ ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် အင်အား ရစ်ခ်တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု နှင့် ည ၇ နာရီ ၁၇ မိနစ်၊ ၁၇ စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)