Connect with us

Media

မြန်မာ့သမိုင်းတွင် အလွန်ကျော်စောခဲ့သော အင်းဝ မင်းနေပြည်တော်

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့သမိုင်းတွင် အလွန်ကျော်စောသောမြို့ဖြစ်သည်။ မြို့သက်တမ်းမှာ ၁၉၁ နှစ်တိုင်ကြာမြင့်ပြီဖြစ်ကာ မြန်မာ့သမိုင်း တစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်သည်။ အင်းဝမြို့ဟောင်းတွင် စိတ်ဝင်စားဖွယ်လေ့လာစရာများစွာတည်ရှိပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်လျက် ရှိသည့် နာမည်ကျော် ခရီးသွားနေရာ တစ်ခု ဖြစ်သည်။ လေးထပ်ကျောင်း၊ နန်းမြင့်မျှော်စင် အပါအဝင် ၁၉ ရာစုခေတ်က တည်ဆောက်ခဲ့သည့် မဟာအောင်မြေဘုံစံ (မယ်နုအုတ်ကျောင်း) သည် ဇေတဝန်ဆောင်နှင့် ပြာသာဒ်ဆောင်ပါဝင်သော သစ်သား ဘုန်းတော်ကြီးကျောင်းနှင့် သဏ္ဌာန်တူ တည်ဆောက်ထားပြီး လက်ရာမြောက်သော ကုန်းဘောင်ခေတ်နှောင်း မြန်မာ့ဗိသုကာ ၊ ပန်းရန်နှင့် ပန်းတော့အနုလက်ရာများကြောင့် ခရီးသွားများကို အဓိကဆွဲဆောင်နေသည်။ ထို့အပြင် ၁၈၃၀ ပြည့်နှစ်ပတ်ဝန်းကျင်က တည်ဆောက်ခဲ့ပြီး ကြီးမားလှသည့် ကျွန်းတိုင်ကြီး ၃၀၀ နီးပါးဖြင့် ထောက်ကာ တည်ဆောက်ထားသည့် ဗားကရာကျောင်းသည်လည်း ထင်ရှားလှသည့် ကျောင်းတစ်ကျောင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အင်းဝမြို့သည် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိကာ တံတားဦးမြို့နှင့် သုံးမိုင်မျှသာ ဝေးသလို မန္တလေးမြို့နှင့် ၁၁ မိုင်ခန့်သာ ကွာဝေးသည်။ (Xinhua)