Connect with us

Videos

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ၏ ဗဟိုချက်သည် စစ်တွေမြို့အနီးမှ ဖြတ်ကျော်လျက်ရှိ

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ ၏ ဗဟိုချက်သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်လျက်ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက် ညနေ ၄ နာရီတွင် ပြောသည်။

“မိုခါ မုန်တိုင်းရဲ့ ဗဟိုချက်က ရခိုင်ပြည်နယ်ကို ဖြတ်နေပါပြီ။ အဓိက စစ်တွေမြို့ရဲ့ မြောက်ဘက်လောက်ကျမယ်။ ဗဟိုချက် ဖြတ်နေချိန် မုန်တိုင်းဒီရေ က စစ်တွေ ခရိုင်၊ ကျောက်ဖြူခရိုင်နဲ့ မောင်တောခရိုင် မှာ ၁၈ ပေကနေ ပေ ၂၀ အထိ ဒီရေ တက်နိုင်ပါတယ်။’’ ဟု ဦးလှထွန်းကပြောသည်။
မိုခါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဝင်ပြီးရောက်ပြီးပါက အရှေ့မြောက် ဘက်သို့ ဆက်လက်ဖြတ်သန်းနိုင်ကြောင်း ဦးလှထွန်းက ဆိုသည်။
“မြောက်၊ အရှေ့မြောက်ကို ဆက်ရွေ့ပြီးတော့ ချင်းပြည်နယ်၊ မကွေးတိုင်းတိုင်းဒေသကြီးကို ဖြတ်မယ်။ ပြီးရင် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းကိုဖြတ်မယ်။ ဖြတ်ပြီးရင်တော့ ကချင်ပြည်နယ်လောက်အထိရောက်ပြီး အားလျှော့သွားမယ်လို့တော့မှန်းထားပါတယ်။ မုန်တိုင်းက သွားရင်းသွားရင်းနဲ့တော့ မုန်တိုင်းက လျှော့လျှော့သွားဖို့ရှိပါတယ်။ ချင်းပြည်နယ်၊ မကွေးတိုင်းတိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကိုဖြတ်ရင် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ဖြတ်မှာပါ။လေတိုက် နှုန်းက ၈၀ နဲ့ ၉၀ လောက်တော့ ရှိနိုင်ပါတယ်’’ ဟု ဦးလှထွန်းက ပြောသည်။

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ မေလ ၁၅ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၂၉/၂၀၂၃)တွင် ထုတ်ပြန်ထားသည်။

“စိုးရိမ်နေတဲ့ သူတွေကိုတော့ မုန်တိုင်းက ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်း စစ်တွေမြို့ အနီးကနေ မုန်တိုင်း အခုချိန် ဆိုရင် ကုန်းပေါ်ရောက်သွားပြီ ။ နောက်တစ်ပိုင်းတော့ ကျန်သေးတာပေါ့။ မုန်တိုင်းရှေ့ဆက် သွားမယ့် နေရာမှာရှိတဲ့ ချင်းပြည်နယ် တို့ မကွေးတိုင်းဒေသကြီး တို့၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းမှာရှိတဲ့ မြို့တွေ ကတော့ သတိထားကြဖို့ပေါ့။ မုန်တိုင်းကတော့ ဆက်ပြီးတော့ ရွေ့ဦးမယ့် အနေအထားမှာ ရှိတယ်။ မုန်တိုင်းလမ်းကြောင်းမှာ ရှိတဲ့ ဒေသကလူတွေ အနေနဲ့ နောက်လာမယ့် ၁၅ ရက်နေ့ မနက်ပိုင်း အထိ သတိထားနေကြဖို့လိုပါတယ်။’’ ဦးလှထွန်း က ဖြည့်စွက်ပြောသည်။ (Xinhua)

Key words– #မိုခါ #ဦးလှထွန်း
#Mocha #UHlaTun

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.