Connect with us

Videos

ဆိုင်ကလုန်းမုန်တိုင်းမိုခါ ရခိုင်ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်း အဝန်းအဝိုင်း အပြင်ဘက်မှ ယခုစတင်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှုး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက်တွင် ပြောသည်။

“မိုခါရဲ့ လက်ရှိနောက်ဆုံးအခြေအနေကတော့ မုန်တိုင်းရဲ့ ဗဟိုချက်က စစ်တွေ ရဲ့တောင် အနောက်တောင်ဘက် မိုင် ၁၂၀ မိုင်လောက်မှာ ဗဟိုပြုနေတယ်။ မုန်တိုင်းရဲ့ အဝန်းအဝိုင်း ဗဟိုချက်က ရခိုင်ကမ်းရိုးတန်းကို ထိနေတော့အဝန်းအဝိုင်း အပြင်ဘက်မှ စတင်ဖြတ်ကျော် နေပြီလို့ပြောလို့ရပါတယ်’’ ဟု ဦးလှထွန်းက ပြောသည်။

မုန်တိုင်းအဝန်းအဝိုင်းဖြတ်သည့် အချိန် လေတိုက်နှုန်း များစွာပြင်းထန်မှုမရှိသော်လည်း မုန်တိုင်း၏ ဗဟိုချက်နှင့် နီးလေ လေတိုက်နှုန်း ပြင်းထန်လေဖြစ်ကြောင်း သိရသည်။

ဦးလှထွန်းက “ လေတိုက်နှုန်း ပြင်းထန်လာတာနဲ့အမျှ ပင်လယ်ပြင်မှာ လှိုင်းကတော့ ကြီးလာတာပေါ့။ လှိုင်းအမြင့်နဲ့ လေတိုက်နှုန်းက တိုက်ရိုက်အချိုးကျတော့ လေတိုက်နှုန်းပြင်းလေ လှိုင်း အမြင့် ကမြင့်လေပေါ့။ အခုလက်ရှိမုန်တိုင်းရဲ့ပြင်းအား ၁၃၅ မိုင်လောက်ရှိပါတယ်။ Super Cyclonic အဆင့် မရောက်ပေမယ့် မေလ မှာ ဖြစ်တဲ့ မုန်တိုင်းတွေက အားကောင်းတယ်။ ဘာလို့ အားကောင်းလဲဆိုတော့ ပူလို့ ၊ ပင်လယ်ရေမျက်နှာပြင်မှာလည်း အပူချိန် များနေတဲ့ အချိန် ပင်လယ်ရေမျက်နှာပြင် အပူချိန်များတာနဲ့ အမျှ ရေခိုးရေငွေ့အများကြီးရတယ်။ မုန်တိုင်းတွေ ရဲ့ သဘောအရ ရေခိုးရေငွေ့များများရလေ အားကောင်းလေပဲ။ အပူချိန် မြင့်တက်ခြင်းကလည်း မုန်တိုင်းတွေရဲ့ အင်အားကို အားကောင်းစေတယ်တဲ့။ ရာသီဥတုပြောင်းလဲမှု global warming ဖြစ်စဉ်တွေ ကြောင့် မုန်တိုင်းနည်းတယ်။ ဒါပေမယ့် ဖြစ်တဲ့ မုန်တိုင်းက အားကောင်းတယ်။ ဒါမျိုးဖြစ်တတ်ပါတယ်။’’ ဟုပြောသည်။

အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ မုန်တိုင်း၏ အပြင်ဘက်ဆုံး အဝန်းအဝိုင်း သည် ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက်ရှိကာ၊ မုန်တိုင်း၏ ဗဟိုချက်သည် နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၁၄ ရက် နံနက် ၈ နာရီခွဲ အချိန် ထုတ်ပြန်ချက်အရ သိရသည်။
“မုန်တိုင်းဖြတ်နေရင် အပြင်ကို လုံးဝမထွက်ပါနဲ့။ လေပြင်းတွေကြောင့် သစ်ပင် သစ်ကိုင်းကျိုးတာ၊ အပင်တွေ လဲတာတွေရှိမယ်။ အိမ်ခေါင်မိုးတွေ သွပ်တွေ လန်ပြီး လေမှာဝဲပျံနေတတ်တော့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ သူတွေမှ အပ ဘယ်သူမှ ထွက်လို့မရဘူး။ ဒီလူတွေအနေနဲ့ မုန်တိုင်းကို ဘယ်လို ရင်ဆိုင်သင့်သလဲဆိုတော့ ကိုယ့်ရဲ့ လုံခြုံတဲ့ အိမ်မှာပဲ နေဖို့လိုတယ်။ ကိုယ့်အိမ်က လေပြင်းလာလို့ မလုံခြုံတော့ ရင် ကယ်ဆယ်ရေးဌာနတွေကို ဖုန်းဆက် အကြောင်းကြားရမှာ ဖြစ်တယ်။ မုန်တိုင်းမလာခင် ရှောင်ရှားကြပါ။ မုန်တိုင်း အန္တရာယ်ဘေးကင်းလုံခြုံတဲ့နေရာကို သွားကြပါ ဆိုတာဒါကြောင့် ပြောတာပါ။ ဗဟိုချက်နားရောက်လေ လေတိုက်နှုန်းများလေပဲ။ ဒါပေမယ့် မုန်တိုင်း ဗဟိုချက် ရောက်ရင်တော့ လေကငြိမ်သွားတယ်။ မုန်တိုင်း ဗဟိုချက် ဖြတ်လို့ လေ ကငြိမ်သွားတာက မုန်တိုင်း ပြီးတာ မဟုတ်ပါဘူး။ နောက်တစ်ပိုင်း ကျန်သေးတယ်။ မုန်တိုင်းရဲ့ လက်ယာဘက်က ပိုပြင်းတယ်။’’ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားသည်။မုန်တိုင်းတစ်ခု ဖြတ်ပါက အနည်းဆုံး အချိန် ၁၂ နာရီကြာနိုင်ကြောင်း ဦးလှထွန်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.