Connect with us

Business

မြန်မာ့ရွှေဈေး သိန်း ၂၀ ကျော် သို့ ရောက်ရှိ

ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းထားသည့် ရွှေများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းဒေါ်လာဈေး မြင့်တက်မှုကြောင့် မတ် ၈ ရက် ညနေပိုင်းတွင် မြန်မာ့ရွှေဈေး သည် တစ်ကျပ်သားလျှင် ၂,၀၁၆,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့ကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် ရွှေဈေးနှုန်းတည်ငြိမ်ရေး အတွက် လက်ငင်းအရောင်းအဝယ်လုပ်ရန်၊ ရွှေဆိုင်များ အနေဖြင့် ရွှေမရှိဘဲ အရောင်းအဝယ် မလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ မတ် ၈ ရက်တွင် ပြောကြားသည်။

“ ရွှေဈေးက ကမ္ဘာ့ရွှေဈေးနှုန်းအရမ်းတက်တယ်။ ပြည်တွင်းရဲ့ ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးက တစ်ဒေါ်လာကို ၂၀၄၅ ကျပ်အထိ ဈေးတက်သွားတယ်။ အဲဒီမှာ ရွှေဈေးက သိန်း ၂၀ ကျော်သွားတာပဲ။ ဈေးတက်တဲ့အချိန်မှာ ရောင်းမှား၊ဝယ်မှားမဖြစ်အောင်ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေပါတယ်’’ ဟု ဦးမျိုးမြင့်ကဆက်ပြောသည်။

လက်ရှိတွင် ရွှေအဝင်များနေကြောင်း၊ ရွှေကုန်ကြမ်းလိုသလောက်ရှိကြောင်း၎င်းကဆိုသည်။ ကုန်သည်များကြိုက်သည့်ဈေးတန်းဖြစ်သောကြောင့် ရွှေပြန်ရောင်းသူများနှင့် ၊ ရွှေတွင်းများမှ ရွှေများလည်းဈေးကွက်တွင်းဝင်ရောက်လျက်ရှိကြောင်း၎င်းကဆိုသည်။

မတ်လ ၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၉၀၇ ဒေါ်လာရှိပြီး၊ မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ၁,၉၂၈,၅၀၀ ပေါက်ဈေးရှိခဲ့ပြီး တအိအိဖြင့် ဈေးတက်လာခဲ့ကာ ယနေ့ မတ်လ ၈ ရက်တွင် ကျပ်သိန်း ၂၀ ကျော်အထိ စျေးနှုန်း မြင့်တက်ခဲ့ ခြင်း ဖြစ်သည်။

“ရွှေဈေးနှုန်းကတော့ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးရင် ကျွန်တော်တို့ နောက်နေ့ ပြန်ကျလာမှာပဲ။ဒီနေ့ ဖြစ်တာကပြည်တွင်းဈေးကွက်မှာ ဒေါ်လာ တက်သွားလို့ဖြစ်ရတာ။ အခေါက် ရွှေဈေး သိန်း ၂၀ ကျော်တုန်းက ဈေးကွက်ထဲမှာ ကုန်ကြမ်းပြတ်တာကြောင့် တက်သွားတာ ဖြစ်တယ်။ အခုက ကုန်ကြမ်းအများကြီးရှိတော့ ရောင်းမှား၊ ဝယ်မှား မဖြစ်အောင် ကျွန်တော်တို့ အနေနဲ့ ထိန်းပေးနေပါတယ်’’ဟု ဦးမျိုးမြင့်က ရှင်းပြတယ်။

မတ် ၈ ရက် ညနေပိုင်းတွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၁၈ ဒေါ်လာ၊ မြန်မာ့ရွှေဈေး တစ်ကျပ်သား ၂,၀၁၆,၀၀၀ ကျပ် ပေါက်ဈေး ရှိနေကြောင်း သိရသည်။ (Xinhua)