Connect with us

Local

ကျောက်မျက်ရတနာလုပ်ငန်းများ အွန်လိုင်းမှတစ်ဆင့်ရောင်းချနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသို့ တင်ပြထားကြောင်းဆို

ကျောက်မျက်ရတနာများ ခင်းကျင်းပြသထားမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ကျောက်မျက်ရတနာပြပွဲများ ပြုလုပ်နိုင်ခြင်းမရှိခြင်းနှင့် နိုင်ငံခြားဧည့်သည်အဝင်မရှိခြင်းကြောင့် ရပ်နားထားရသည့် ကျောက်မျက်ရတနာလုပ်ငန်းများ အွန်လိုင်းမှတစ်ဆင့်ရောင်းချနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့် က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၉ ရက်တွင်ပြောသည်။

“နိုင်ငံတကာမှာလည်း အွန်လိုင်းကနေ ရတနာတွေ ရောင်းကြတယ်။ COVID-19 ကြောင့် နိုင်ငံခြားသားခရီးသွားလည်းမရှိဘူး။ ဒါကြောင့် အွန်လိုင်းကနေ ရောင်းချင်တယ်ဆိုပြီး တင်ပြလာလို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ကျွန်တော်တို့အသင်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတယ်။ ပြီးတော့ကျွန်တော်တို့ အသင်းကနေတဆင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို တင်ပြထားပါတယ်’’ ဟု၎င်းက ဖြည့်စွက်ပြောကြားသည်။

ယခုတင်ပြထားခြင်းသည် ကျောက်မျက်ရတနာလုပ်ငန်းများမှ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသို့ အခွန်ဆောင်၍ တရားဝင်ရောင်းချခွင့်ရရှိရန် တင်ပြထားခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် ရတနာလုပ်ငန်းများသည် ကျောက်မျက်ရတနာပြပွဲများ မရှိခြင်းကြောင့် COVID-19 ကာလတစ်လျှောက်လုံး ကျောက်မျက်များရောင်းချနိုင်ခြင်း မရှိသဖြင့် ကျောက်မျက်လုပ်ငန်းရှင်များမှ ထိုကဲ့သို့တင်ပြခြင်းဖြစ်ကြောင်းဆိုသည်။

ကျောက်မျက်ရတနာများရောင်းချသည့်အခါ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပေးထားသည့် ဘောက်ချာရှိကြောင်း၊ ယင်းဘောက်ချာသည် အိတ်စပို့လိုင်စင်ကဲ့သို့အတည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒီဘောက်ချာပေါ်မှာ ရေးထားတာ ကိုင်ထားရင် အတည်ဖြစ်တယ်။ အဲဒါကို အွန်လိုင်းမှာရောင်းဝယ်ရင်လည်း အတည်ပြုပေးဖို့၊ ပြီးတော့ ရတနာခွန် ၅ ရာခိုင်နှုန်းဆောင်မယ်ပေ့ါ။ အခုကတော့ တင်ပြထားဆဲ အခြေအနေပေ့ါ။” ဟု ဦးဇော်ဘိုခန့် က ဆက်ပြောသည်။

အွန်လိုင်းမှ ရောင်းချရန် တင်ပြထားသည်မှာ ကျောက်မျက်ဖြင့်အထည်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိပါက ရတနာဆိုင်များ၏ ကိုယ်ပိုင်အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)