Connect with us

Local

ရွှေဆိုင်များနှင့် မီးလင်းရွှေ အတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားရန်လိုအပ်ဟု ဆို

ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းထားသော ရွှေထည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော ရွှေဆိုင်များ၊ ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန်၊ မီးလင်းရွှေ အတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားကြရန် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ၏ အသင်းသားများနှင့် ရွှေကုန်သည်များ အားလုံးသိရှိစေရန်အတွက် အချက် ၇ ချက်ပါ ကြေညာချက်ကို ယနေ့မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ မေ ၁၇ ရက်တွင်ပြောကြားသည်။ဦးမျိုးမြင့်က “အခုလို လုပ်ရတာကတော့ အဓိကကတော့ရွှေဈေးကစားတာတွေကို ပပျောက်စေချင်တာပါ။ နောက်ပြီးတော့ နယ်စပ်ဖြတ်ကျော်တာတွေ ကို တားဆီးချင်တဲ့သဘောလည်းပါပါတယ်။ တချို့ဆိုရှယ်မီဒီယာပေါ်က ဆိုင်တွေကြတော့လည်း ကျွန်တော်တို့ ကရွှေဈေးကို ဥပမာ သိန်း ၂,၀၂၀,၀၀၀ဆိုဈေးဖွင့်ရင် သူတို့ က လေးသောင်း၊ ငါးသောင်းဆိုပြီး ရွှေဈေးကို ထုတ်ပြန်ကြတယ်။ ကုန်ဈေးနှုန်းတက်အောင်ဖွတဲ့ သဘောတွေ ပေ့ါ။ အဲဒါတွေကို ထိန်းဖို့နဲ့ ရွှေဈေးနှုန်းလည်း တည်ငြိမ်ဖို့အတွက် ဆောင်ရွက်ရတာပါ’’ ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သော အချက် ၇ ချက်မှာ ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော ရွှေဆိုင်များ၊ ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန်၊ မီးလင်းရွှေ အတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားကြရန်၊ ဆိုရှယ်မီဒီယာများ၊ အွန်လိုင်းများမှ တစ်ဆင့် ရွှေအရောင်းအဝယ် လိုင်စင်ပြုလုပ်ထားခြင်း မရှိသော အရောင်းအဝယ်ပြုလုပ်သူများအား အရေးယူရန်၊ မီးလင်းရွှေအတုံးအခဲ အရောင်းအဝယ်ပြုလုပ်နေသော ရွှေဆိုင်များ၊ မီးလင်းအရွှေအတုံးအခဲစာရင်းများအား တိကျမှန်ကန်စွာ စာရင်းပြုစုထားရန်၊ ရွှေအရောင်းအဝယ်စာရင်းဇယားများအား တိကျမှန်ကန်စွာ ဖြည့်စွက်ပေးရန်၊ ရွှေမှောင်ခိုဈေးကွက်ပပျောက်စေရန်နှင့် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေအရောင်းအဝယ်ကိစ္စရပ်များ ကို အသင်းရုံးခန်းမှ အပအရောင်းအဝယ်ပြုလုပ်ခြင်းများလုံးဝမပြုလုပ်ကြရန်၊ လက်ငင်းအရောင်းအဝယ်သာ ပြုလုပ်ကြရန် နှင့် စာရင်းပေး သတင်းပေးပို့ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်ပြုလုပ်ခြင်းများ ကို မပြုလုပ်ကြရန် ဟူ၍ ထုတ်ပြန်ထားပြီး ယင်းအချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော ပုဂ္ဂိုလ်များနှင့် ဆိုင်များအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

“မှတ်ပုံတင်ဆောင်ရွက်ချင်သူတွေအနေနဲ့ ရွှေအတုံးအခဲ ရောင်းဝယ်ခွင့်လိုင်စင်၊ ရွှေရောင်းဝယ်ခွင့် လိုင်စင် တွေကို ပုဂ္ဂလိကရောင်းဝယ်သူဆိုရင် ကိုယ်နေထိုင်တဲ့မြို့နယ် သို့မဟုတ် ဆိုင်နဲ့ ရောင်းချသူဆိုရင် ကိုယ်ဆိုင်ဖွင့်ထားတဲ့ မြို့နယ်မှာ ရှိတဲ့ စည်ပင်ရုံးမှာ သွားပြီး ဆောင်ရွက်ရမှာပါ။’’ ဟု ဦးမျိုးမြင့်ကဆက်ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.