Connect with us

Business

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ဧပြီလ မှ ဇွန်လကုန် အထိ အသေးစား စက်မှုလက်မှုလုပ်ငန်းပေါင်း ၄၆၃ ခုကို မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပလိပ်မြို့ ရှိ ကြိမ်နှင့်ဗေဒါ လက်မှုလုပ်ငန်း တွင် အလုပ်လုပ်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ မှ ဇွန်လကုန် အထိ အသေးစား စက်မှုလက်မှုလုပ်ငန်းပေါင်း ၄၆၃ ခုကို မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီး၊ လက်ရှိမြန်မာနိုင်ငံတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း ၁၉,၅၂၆ ခုမှာ တရားဝင်မှတ်ပုံတင်ဖြင့် လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၂၅ ရက်တွင် ပြောသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသ၌ ယွန်းထည်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေကြသူများအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

“ကျွန်မတို့ဌာနကို မှတ်ပုံတင်ဖို့ အဓိက လျှောက်ထားတဲ့ လုပ်ငန်းမှာဆိုရင် စားသောက်ကုန်လုပ်ငန်းက အများဆုံးပါပဲ။ မှတ်ပုံတင်ဖို့ လျှောက်ထားတဲ့ လုပ်ငန်း ၄၆၃ ခုမှာ စားသောက်ကုန် လုပ်ငန်းလျှောက်ထားသူ က ၁၆၆ ခု လောက် ရှိပါတယ်” ဟု ဒေါ်ရီရီလှိုင်က ပြောသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေအရ အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုသည်မှာ ကုန်ပစ္စည်းထုတ်လုပ်သည့် မြင်းကောင်ရေ ၅ ကောင်အားနှင့်အောက် လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

“လိုင်စင်လျှောက်ထားလိုသူတွေအနေနဲ့ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်၊ သက်ဆိုင်ရာဌာနတွေရဲ့ထောက်ခံချက် ဥပမာ ဆပ်ပြာလုပ်ငန်းလုပ်တယ်ဆိုရင်လည်း သက်ဆိုင်ရာဌာနခွဲက ဓာတ်ခွဲစမ်းသပ်တာ တင်ပြရတယ်။ နောက်ပြီး တိုင်းရင်းဆေးဝါးလုပ်ငန်းဆိုရင် တိုင်းရင်းဆေးပညာဦးစီးဌာနက ထုတ်ပေးတဲ့ လိုင်စင်နဲ့ မှတ်ပုံတင်တွေ တင်ပြရမယ်။ လုပ်ငန်းရှင်တွေတင်ပြတဲ့အပေါ် ပြည်နယ်အသီးသီးမှာရှိတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကနေ သွားရောက်စစ်ဆေးမှုတွေလုပ်တယ်။ တကယ်မြေပြင်မှာ လုပ်ငန်းဆောင်ရွက်နိုင်မှု ရှိမရှိကိုစစ်ဆေးပါတယ်။ ပြည့်စုံပြီဆိုရင် လုပ်ငန်းထုတ်လုပ်တဲ့ ပုံအဆင့်ဆင့်နဲ့ ကျွန်မတို့ရုံးချုပ်ကို တင်ပြပါတယ်။ ကျွန်မတို့ က စိစစ်ပြီး ပြန်ထုတ်ပေးပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မှတ်ပုံတင်ကြေးအဖြစ် လုပ်ငန်း တစ်ခုလျှင် ကျပ်၁၀,၀၀၀ ကောက်ခံကြောင်း သိရသည်။ ဌာနအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်းများဆက်လက်ဆောင်ရွက်ခြင်း မပြုတော့သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို လုပ်ငန်းလိုင်စင်များပြန်လည်ပယ်ဖျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေါ်ရီရီလှိုင်က “လုပ်ငန်းလုပ်ကိုင်နေသူတွေကို နိုင်ငံတော်က ထောက်ပံ့နေတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေပြီးတော့ မတည်ရင်းနှီးငွေတွေ ထုတ်ပေးတာလည်းရှိပါတယ်။ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် မတည်ရင်းနှီးငွေတွေ ထုတ်ပေးတဲ့အခါ ကျွန်မတို့ဌာနမှာ ဒီလုပ်ငန်းရှင်က တကယ်မှတ်ပုံတင်ထားတယ်ဆိုတဲ့ ထောက်ခံချက်ကို ပေးရပါတယ်။ လုပ်ငန်းရှင်အနေနဲ့ သက်ဆိုင်ရာ၊ တိုင်းဒေသကြီး ပြည်နယ်တွေမှာ အဲဒီထောက်ခံချက်နဲ့ ပြန်ပြီး တင်ပြရပါတယ်” ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
“သင်တန်းတွေကတော့ နည်းပညာပိုင်းတွေကို လုပ်ငန်းအလိုက် သင်ကြားပေးပါတယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေက လုပ်ငန်းစတင်ထူထောင်ခါစ နည်းပညာပိုင်းမှာ သိရုံပဲ သိတယ်။ မကျွမ်းကျင်ဘူး ဆိုရင် ကျွန်မတို့ဌာနရဲ့ Education Center တွေမှာရှိတဲ့ စက်အမျိုးမျိုးကို အသုံးပြုပြီးလေ့လာသင်ယူလို့ရပါတယ်” ၎င်းက ဖြည့်စွက်ပြောကြားသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းများအတွက် Education Center ပေါင်း ၃၁ ခု ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.