Connect with us

Business

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသသို့ ၂၀၂၃ ခုနှစ် ၁၀ လတာကာလအတွင်း ခရီးသွားဧည့်သည် ၂ သန်းနီးပါးလာရောက်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့လာရောက်ခဲ့ကြသော ခရီးသွားဧည့်သည်များကို ၂၀၂၃ ခုနှစ်၊ မေ ၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသသို့ ၂၀၂၃ ခုနှစ် ၁၀ လတာကာလအတွင်း ခရီးသွားဧည့်သည် ၂ သန်းနီးပါးလာရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားတစ်ဆူကို ၂၀၂၃ ခုနှစ်၊ မေ ၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဦးဝင်းအောင်က “ဒီနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ပုဂံဒေသကို နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၁,၀၀၀ ကျော်လာရောက်ခဲ့ပါတယ်။ ကျန်တာကတော့ ပြည်တွင်း ခရီးသွားဧည့်သည်တွေ လာရောက်ခဲ့တာဖြစ်ပါတယ်” ဟုပြောသည်။
“ပုဂံကိုလာရောက်ကြတာက မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဗိသုကာ လက်ရာအမျိုးမျိုးနဲ့ တည်ဆောက်ထားတဲ့ စေတီပုထိုးပေါင်း ၃,၈၂၂ ဆူရှိတယ်။ အနုပညာလက်ရာတွေကို လေ့လာလို့ရတယ်။ နောက်ပြီးတော့ မီးပုံးပျံပေါ်ကနေ မတူညီတဲ့ ရှုခင်း အလှအပတွေကိုလည်း ကြည့်ရှုနိုင်တယ်။ ဒါကြောင့် ခရီးသွားဧည့်သည်တွေလာရောက်ကြတာလို့ ထင်ပါတယ်” ဟု ဦးဝင်းအောင်ကပြောသည်။

ပုဂံဒေသသည် ခရီးသွားလုပ်ငန်းတစ်ခုတည်းကို မှီ၍ရပ်တည်သည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ဦးဝင်းအောင်က “ပုဂံဒေသက ခရီးသွားလုပ်ငန်း တစ်ခုတည်းကိုပဲ မှီတည်နေတော့ ခရီးသွားဧည့်သည်တေွ လာရောက်တဲ့အခါ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ e-bikeတွေ၊ တုတ်တုတ်တွေကအစ ဆက်စပ်လုပ်ငန်းတွေ အကုန်လုံး အတွက် အကျိုးရှိပါတယ်” ဟု ပြောသည်။

ပုဂံဒေသသို့ မြန်မာနိုင်ငံ အနယ်နယ်၊ အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လျက်ရှိကြောင်း သိရသည်။ ယမန်နှစ် အလားတူကာလတွင် ခရီးသွားဧည့်သည် ၁ သန်းခန့် ဝင်ရောက်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်သည် ခရီးသွားဧည့်သည် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုဝင်ရောက်ခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။ (Xinhua)