Connect with us

Culture & Entertainment

ဆွန်မင်းဆက်ခေတ်က တရုတ်ကြွေခွက်တစ်လုံးကို ကမ္ဘာ့စံချိန်တင် ဒေါ်လာ ၃၇.၇ သန်းဖြင့် လေလံတင်ရောင်းချခဲ့

ဒေါ်လာ ၃၇.၇ သန်းဖြင့် လေလံအောင်ခဲ့သော တရုတ်နိုင်ငံ ဆွန်ခေတ်မှ ကြေခွက် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဆွန်မင်းဆက်ခေတ်က အလွန်ရှားပါးသည့် လက်ဆေးရေခွက် ကြွေခွက် (Ru guanyao) တစ်လုံးကို ယနေ့(အောက်တိုဘာ ၄ ရက်) တွင် ဟောင်ကောင်မြို့၌ လေလံတင်ရောင်းချခဲ့ရာ လေလံပွဲစတင်ပြီး မိနစ် ၂ဝ အကြာမှာပင် ဟောင်ကောင်ဒေါ်လာ ၂၉၄.၃ သန်း ( အမေရိကန်ဒေါ်လာ ၃၇.၇ သန်း) ဖြင့် ကမ္ဘာ့စံချိန်တင် ပမာဏဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

အဆိုပါ Ru guanyao ကြွေခွက်သည် မြောက်ပိုင်း ဆွန်မင်းဆက် နှောင်းပိုင်းက ဘုရင့် အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်ခဲ့ပြီး ဘုရင့်အထင်ကရ မြေဖုတ်ကြွေထည် အသုံးအဆောင် ၅ ခုအနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြွေခွက်သည် စိမ်းပြာရောင်မှိုင်းမှိုင်းဖြင့် အလွန်ဂန္တဝင်ဆန်ကြောင်း ၊ ပုံသဏ္ဍာန်မှာ အလွန်လက်ရာမြောက်ကြောင်း ၊ လက်ဆေးရေခွက်တစ်လုံး ဖြစ်ကြောင်း ၊ တိုင်ပေရှိ Hongxi ပြတိုက်တွင် Chang ဖောင်ဒေးရှင်းမှ စုဆောင်းထားသော ပစ္စည်းတစ်ခုဖြစ်ကြောင်း Ru guanyao ကြွေခွက်များ၏ မူလလက်ဟောင်း အလွန်လှပသည့် ကြွေထည် နမူနာပစ္စည်းတစ်ခုဖြစ်သလို အလွန်ထူးကဲသည့် ဖန်တီးမှု အရည်အသွေးမြင့် လက်ရာတစ်ခုဖြစ်ကြောင်း ဟောင်ကောင်မြို ့Sotheby လေလံပွဲ ကဆိုသည်။

၂ဝ၁၄ ခုနှစ် ဧပြီလတွင် ဟောင်ကောင် Sotheby လေလံပွဲ၌ စံချိန်တင်ရောင်းချခဲ့ရသော Meiyintang Chenghua ဟင်းချိုခွက် ကြွေထည်ပစ္စည်းတစ်လုံးသည် ဟောင်ကောင်ဒေါ်လာ ၂၈၁.၂ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ဟောင်ကောင် Sotheby လေလံပွဲသည် ၂ဝ၁၇ ခုနှစ်အတွက် စက်တင်ဘာလ ၂၉ ရက် မှ အောက်တိုဘာလ ၃ ရက်အထိ ကျင်းပခဲ့ပြီး ပစ္စည်းအမျိုးပေါင်း ၃ဝဝဝ ကျော်ကို လေလံတင်ရောင်းခဲ့ရာ စုစုပေါင်း ခန့်မှန်းခြေ လေလံတင်ရောင်းချငွေ ဟောင်ကောင်ဒေါ်လာ ၂.၁ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)