Connect with us

Economy

ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ကြွယ်ဝမှုမြှင့်တင်ရေးနှင့် ကမ္ဘာ့စီးပွားရေး အစောဆုံးပြန်လည်နာလန်ထူရေးအတွက် သမ္မတ ရှီကျင့်ဖိန် အလေးထားပြောကြား

၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၏ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝမှု မြှင့်တင်ရေးနှင့် ကမ္ဘာ့စီးပွားရေး ဆောလျင်စွာနာလန်ထူနိုင်ရန် တွန်းအားပေးရေးအတွက် အခက်အခဲများကျော်လွှားရန် ပူးပေါင်းအားထုတ်ကြိုးပမ်းမှုများအတွက် စက်တင်ဘာ ၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတ ရှီသည် စိန်ခေါ်မှုများကြားမှ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း အလေးထားလျက် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၏ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“ဒီကနေ့မှာ COVID-19 ဟာ ကမ္ဘာလုံးဆိုင်ရာအဆင့်မှာ အပြည့်အဝထိန်းချုပ်နိုင်ဖို့ ကြိုးစားနေစဉ်မှာ နိုင်ငံတွေအားလုံးအနေနဲ့ ဗိုင်းရပ်စ်ကိုအနိုင်ယူဖို့၊ စီးပွားရေးတည်ငြိမ်စေဖို့နဲ့ လူ့အသက်တွေကို ကာကွယ်ဖို့ ကြီးမားတဲ့တာဝန်ကို ရင်ဆိုင်နေရပါတယ်” ဟု ရှီက ပြောခဲ့သည်။

“တရုတ်နိုင်ငံက ပြင်ဆင်ဖို့ အခက်အခဲတွေအများကြီးရှိတဲ့ကြားထဲက အရေးပါတဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲကို ကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ဒီလိုကြိုးစားနေရတဲ့အချိန်မှာ အားလုံးနဲ့လက်တွဲပြီး ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ရှင်သန်စေရေးနဲ့ ကမ္ဘာ့စီးပွားရေးကို အစောဆုံး ပြန်လည်နာလန်ထူနိုင်စေဖို့ အတူတကွလုပ်ဆောင်သွားလိုတဲ့ တရုတ်နိုင်ငံရဲ့ ဆန္ဒကို ပြသတာလည်း ဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။
ပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုချက်များ သမ္မတ ရှီသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအရေးပါလာသည့် တွန်းအားတစ်ရပ်ဖြစ်သည့် ဝန်ဆောင်မှုကဏ္ဍတွင် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းလျက် အချက်သုံးချက် အဆိုပြုခဲ့သည်။

ပထမအချက်မှာ နိုင်ငံများအားလုံးအနေဖြင့် ပွင့်လင်း၍ အားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်တစ်ခုကို အတူတကွ အားပေးမြှင့်တင်သွားသင့်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာ ကန့်သတ်မှုစာရင်း စီမံခန့်ခွဲမှုစနစ်အား ကောင်းမွန်အဆင်ပြေစွာတည်ထောင်ခြင်း၊ ရှေ့ပြေးဆောင်ရွက်နေသော ဆန်းသစ်မှုရှိသော ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးဆိုင်ရာ တိုးတက်မှုအတွက် ပွင့်လင်းမှုရှိသော ပလက်ဖောင်းများ တည်ဆောက်ရေးအဆင့်မြှင့်တင်ခြင်းများ အပါအဝင် ဆောင်ရွက်ချက်များအား ပိုမိုတံခါးဖွင့်ဆောင်ရွက်ရေး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် ဈေးကွက်ဝင်ရောက်မှု လွယ်ကူစေရေးနှင့် အရည်အသွေးရှိသော ဝန်ဆောင်မှု သွင်းကုန်များ တက်ကြွစွာ တိုးချဲ့ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟု သမ္မတ ရှီက ပြောခဲ့သည်။

ဒုတိယအဆိုပြုချက်အနေဖြင့် နိုင်ငံများအားလုံးအနေဖြင့် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်သော ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန် တက်ကြွထက်သန်စေရေး အတူတကွ လုပ်ဆောင်သွားသင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးနှင့်အတူ ဉာဏမူပိုင်ခွင့်များ ကာကွယ်ရေး မြှင့်တင်ခြင်းနှင့် ဒီဂျစ်တယ်စီးပွားရေးနှင့် မျှဝေမှုရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တက်ကြွစွာ မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။

ရှီက တတိယ အဆိုပြုချက်တွင် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အတူကြိုးပမ်းအားထုတ်လျက် ဆန်းသစ်တီထွင်စွာ လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံများအားလုံးသည် ၎င်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းများကုန်သွယ်ရေး တိုးတက်မှုအတွက် ခိုင်မာစွာ ပူးပေါင်းညှိနှိုင်းသွားသင့်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ဆန်းသစ်သင့်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ နက်ရှိုင်းသင့်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ဘုံအကျိုးစီးပွားများ တိုးချဲ့ ရှာဖွေသင့်ကြောင်း သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်း၏ ဦးဆောင်အခန်းကဏ္ဍတရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍ တံခါးဖွင့်ဆောင်ရွက်မှုတွင် ပေကျင်း၏ ဦးဆောင်မှုအခန်းကဏ္ဍ ပိုမိုအားကောင်းလာစေရေး ထောက်ပံ့သွားရန် ကတိပြုကြောင်း မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပေကျင်းမြို့တော်ကို ဝန်ဆောင်မှုကဏ္ဍတွင် ပို၍ကောင်းမွန်သော ပွင့်လင်းမှုအတွက် အမျိုးသားအဆင့် ဘက်စုံပေါင်းစည်းထားသော သရုပ်ပြဇုန် တစ်ခု တည်ထောင်ရေး ထောက်ပံ့သွားမည် ဟု ရှီက ပြောခဲ့သည်။

သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှု၊ ပွင့်လင်းသော ဝန်ဆောင်မှုကဏ္ဍနှင့် ဒီဂျစ်တယ်စီးပွားရေးတို့ ပါဝင်သော ရှေးပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန်ကို ပေကျင်းမြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါဇုန်သည် ပေကျင်း-ထျန်းကျင်း-ဟူပေ ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆင့်မြင့် တံခါးဖွင့် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

ကုန်စည်ပြပွဲကြီးနှင့် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်သော CIFTIS သည် ၂၀၁၂ ခုနှစ်ကတည်းက စတင်ကာ ခြောက်ကြိမ်တိုင် ကျင်းပပြီးဖြစ်သည်။ ယခုနှစ် CIFTIS ၏ ခေါင်းစဉ်မှာ “ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု၊ မျှဝေမှုရှိသော ကြွယ်ဝချမ်းသာမှု” ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.