Connect with us

Science & Technology

တရုတ်နိုင်ငံ အာကာသအေဂျင်စီက လမျက်နှာပြင်ပေါ်မှ တရုတ်နိုင်ငံအလံ ဓာတ်ပုံများ ထုတ်ပြန်

တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သော လမျက်နှာပြင်ပေါ်တွင် မြင်တွေ့ရသည့် Chang'e-5 အာကာသယာဉ်မှ လွှင့်ထူထားသော တရုတ်နိုင်ငံအလံ ဓာတ်ပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနသည် လမျက်နှာပြင်ပေါ်တွင် မြင်တွေ့ရသော Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်တွင် လွှင့်ထူထားသော တရုတ်နိုင်ငံအလံဓာတ်ပုံများကို ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံများသည် လပေါ်ဆင်းသက်ယာဉ် (lander) နှင့် လပေါ်မှနမူနာပစ္စည်းများနှင့် ပျံတက်ယာဉ် (ascender) တို့ကို ပေါင်းစပ်ထားသောယာဉ်ပေါ်၌ တပ်ဆင်ထားသော မြင်ကွင်းကျယ်ကင်မရာမှ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ Ascender ယာဉ်သည် လမျက်နှာပြင်ပေါ်မှ နမူနာပစ္စည်းများနှင့် ပြန်လည်မထွက်ခွာမီ ဒီဇင်ဘာ ၃ ရက်နေ့ နှောင်းပိုင်းက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ယင်းဓာတ်ပုံများအနက် တစ်ခုတွင် စက်ရုပ်လက်တံတစ်ခုက အလံအနီး၌ လမျက်နှာပြင်ပေါ်မှ နမူနာပစ္စည်းများ စုဆောင်းနေသည်ကို တွေ့မြင်နိုင်သည်။

Chang’e-5 အာကာသယာဉ်ကို နိုဝင်ဘာ ၂၄ ရက်ကလွှတ်တင်ခဲ့ပြီး ၎င်း၏ lander-ascender ပေါင်းစပ်ယာဉ်သည် လမျက်နှာပြင်၏ အနီးဆုံးဘက်ခြမ်း၊ မုန်တိုင်းများ၏ သမုဒ္ဒရာဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပေါ်၌ ဒီဇင်ဘာ ၁ ရက်က ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နမူနာပစ္စည်းများကို စုဆောင်း၊ သိမ်းဆည်းပြီးနောက် Chang’e-5 ယာဉ်၏ ascender သည် လမျက်နှာပြင်မှ ဒီဇင်ဘာ ၃ရက်နေ့နှောင်ပိုင်းတွင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး orbiter-returner နှင့်အတူ အလိုအလျောက် ပေါင်းစည်းချိတ်ဆက်၍ နမူနာပစ္စည်းများ တင်ပို့ခြင်းတို့ကို လကမ္ဘာပတ်လမ်းကြောင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကာ မကြုံစဖူးသော စွမ်းဆောင်မှုတစ်ခုလည်းဖြစ်မည်ဟု မျှော်မှန်းထားသည်။

Chang’e-5 သည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေး သမိုင်းတွင် ရှုပ်ထွေးပြီး စိန်ခေါ်မှုအရှိဆုံး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သလို နှစ်ပေါင်း ၄၀ ကျော်အတွင်း ကမ္ဘာ့ပထမဆုံး လမျက်နှာပြင်-နမူနာပစ္စည်း ယူဆောင်ခြင်းလုပ်ငန်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China, #Chang’e-5, #Moon, #Flag, #Xinhua, #တရုတ်, #လမျက်နှာပြင်, #အလံ, #ဆင်ဟွာ