Connect with us

Science & Technology

တရုတ်နိုင်ငံ၏ Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် ဒုတိယအကြိမ် ဂြိုဟ်ပတ်လမ်းကြောင်း တည့်မတ်ခြင်းပြီးစီး

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ Chang'e-5 အာကာသယာဉ်ကို Long March-5 သယ်ဆောင်ရေးဒုံးပျံဖြင့် နိုဝင်ဘာ ၂၄ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် Chang’e-5 သည် နိုဝင်ဘာ ၂၅ ရက် ညပိုင်းတွင် ဒုတိယအကြိမ် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်သည် ပေကျင်းစံတော်ချိန် ည ၁၀:၀၆ နာရီက ယာဉ်ပေါ်ရှိ 150N အင်ဂျင်နှစ်လုံး ခြောက်စက္ကန့်ခန့် လည်ပတ်ချိန်တွင် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂြိုဟ်ပတ်လမ်းကြောင်း တည့်မတ်ခြင်းမပြုမီ အဆိုပါ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ၄၁ နာရီခန့် ခရီးနှင်ခဲ့ပြီးဖြစ်ကာ ကမ္ဘာမှ ကီလိုမီတာ ၂၇၀,၀၀၀ ခန့် အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ယာဉ်ပေါ်ရှိ စနစ်များအားလုံး အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၎င်းယာဉ်၏ သွားလာမှုလမ်းကြောင်းကို မြေပြင်မှ စောင့်ကြည့်ခြင်း၊ ဆက်သွယ်ရေးစင်တာများနှင့် စခန်းများမှာလည်း ချောချောမွေ့မွေ့ ဆောင်ရွက်လျက်ရှိကြောင်း CNSA က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် Chang’e-5 ကို လကမ္ဘာမှ နမူနာများ စုဆောင်းရန်နှင့် ပြန်လည်ယူဆောင်လာရန် နိုဝင်ဘာ ၂၄ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းယာဉ်သည် ကမ္ဘာဂြိုဟ်ပြင်ပမှ အစိတ်အပိုင်း နမူနာများကို ပြန်လည်ယူဆောင်ရန် တရုတ်နိုင်ငံ၏ ပထမဆုံးကြိုးပမ်းအားထုတ်မှုလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)