Connect with us

ASEAN

စင်ကာပူနိုင်ငံ အထွေထွေရွေးကောက်ပွဲ စတင် ကျင်းပ

စင်ကာပူနိုင်ငံ၌ ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် မဲရုံတစ်ခု၌ ဆန္ဒမဲပေးနေသူ တစ်ဦးအား ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဆန္ဒမဲရုံများ ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

နိုင်ငံရှိ လူဦးရေ ၂ ဒသမ ၆၅ သန်းခန့်မှာ ဆန္ဒမဲပေးပိုင်ခွင့် ရှိပြီး မဲရုံများအား ဒေသစံတော်ချိန် ည ၈ နာရီအချိန်တွင် ပိတ်မည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ ဆန္ဒမဲရုံတစ်ရုံသို့ မဲပေးရန် ရောက်ရှိလာကြသည့် မဲဆန္ဒရှင်များအား ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရွေးကောက်ပွဲဦးစီးဌာန(ELD) က မဲဆန္ဒရှင်များအား သတ်မှတ်ထားသည့် အချိန်အတွင်း ဆန္ဒမဲပေးရန် ပြောကြားခဲ့သည်။နံနက်ပိုင်းတွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသော သက်ကြီးရွယ်အို မဲဆန္ဒရှင်များအား အများဆုံး မဲပေးကြရန် သတ်မှတ်ထားခြင်းကြောင့် လူငယ်မဲဆန္ဒရှင်များအား ဒေသစံတော်ချိန် နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအတွင်း တက်နိုင်သမျှ ဆန္ဒမဲပေးခြင်း မပြုရန် တိုက်တွန်းခဲ့သည်။ COVID-19 ရောဂါ ဖြစ်ပေါ်နေသည့် အခြေအနေကိုကြည်၍ မဲဆန္ဒရှင်အုပ်စုအနည်းငယ်အား ဆန္ဒမဲပေးနည်းများကို ELD မှ ကြေညာခဲ့သည်။ 

မိမိနေအိမ်၌သာ နေထိုင်ရန်(Stay Home) သတိပေးချက် ရှိသော မဲဆန္ဒရှင်များ ၊ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါအတွက် ဆေးဘက်ဆိုင်ရာ ထောက်ခံချက်ရှိသော မဲဆန္ဒရှင်များ သို့မဟုတ် အဖျားရှိသော မဲဆန္ဒရှင်များ အနေဖြင့် ဒေသစံတော်ချိန် ည ၇ နာရီမှ ၈ နာရီအတွင်း ဆန္ဒမဲပေးရန် အကြံပြုထားသည်။ COVID-19 လူနာ နှင့် Quarantine ဝင်နေရသည့် မဲဆန္ဒရှင်များအား ဆန္ဒမဲပေးခွင့် မပြုကြောင်း သိရသည်။

ထို့အတူ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မဲဆန္ဒရှင် ၆၅၇၀ ဦးရှိပြီး ပေကျင်း ၊ ကင်ဘာရာ ၊ ဒူဘိုင်း ၊ ဟောင်ကောင် ၊ လန်ဒန် ၊ နယူးယောက် ၊ ဆန်ဖရန်စ္စကို ၊ ရှန်ဟိုင်း ၊ တိုကျို နှင့် ဝါရှင်တန်ဒီစီတို့၌ ပြည်ပမဲဆန္ဒရုံ ၁၀ ရုံ ပြင်ဆင်ထားကြောင်း ရွေးကောက်ပွဲဦးစီးဌာန(ELD)မှ သိရပြီး ပြည်ပမဲဆန္ဒရှင်တစ်ချို့သည် ဇူလိုင် ၁၀ ရက်မတိုင်မီက ဆန္ဒမဲပေးခဲ့ကြပြီး ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဆန္ဒမဲရုံများ၌ ဆန္ဒမဲပေးသူများတွင် အဖျား သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို စစ်ဆေးရန် အပူချိန် ကြည့်ရှုစစ်ဆေးလျက် ရှိကြောင်းလည်း ELD က ပြောကြားခဲ့ပြီး မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့၏ အပူချိန်ကို သတိပြုရန် နှင့် တန်းစီရသည့် အခြေအနေကို ဆန္ဒမဲသွားရောက်ပေးခြင်း မပြုမီ Online မှ ကြည့်ရှုစစ်ဆေးရန် ၊ နှာခေါင်းစည်းများ တပ်ဆင်ကြရန် နှင့် မဲရုံများအတွင်း တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေရန် အစီအမံများ လိုက်နာကြရန် ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၉၃ နေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှင့် နိုင်ငံရေးပါတီ ၁၁ ပါတီတို့မှ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၉၁ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ (Xinhua)