Connect with us

CHINA

ကပ်ရောဂါတိုက်ဖျက်ရေးလက်တွဲပူးပေါင်းဆောင်ရွက်ရန်တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ တာဂျစ်ကစ္စတန်နိုင်ငံသို့ ရောက်ရှိ  

တာဂျစ်ကစ္စတန်နိုင်ငံသို့ မေ ၂၄ ရက်က ရောက်ရှိလာသော တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့အား တွေ့ရစဉ် (ဓါတ်ပုံ- တာဂျီကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး)

ဒတ်ရန်ဘီ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးလက်တွဲပူးပေါင်းဆောင်ရွက်ရန်တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် မေ ၂၄ ရက် နံနက်ပိုင်းက သီးသန့်လေယာဉ်ဖြင့် တာဂျစ်ကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့ရာ ၉ ရက်ကြာရောဂါတိုက်ဖျက်ရေးအတွေ့အကြုံဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံအစိုးရမှ တာဂျစ်ကစ္စတန်နိုင်ငံအား ကူညီပံ့ပိုးပေးသည် တတိယအသုတ် ရောဂါတိုက်ဖျက်ရေးပစ္စည်းများဖြစ်သည့် Nucleic acid detection kit၊ အသက်ရှုစက်၊ ဆေးဘက်သုံး ပါးစပ်နှာခေါင်းစည်းစသည်တို့ကို တစ်ပါတည်းသယ်ဆောင်လာခဲ့ရာ တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒတ်ရန်ဘီ မြို့ အစိုးရအဖွဲ့နှင့် ဟတ်လုံပြည်နယ်အစိုးရဌာနများမှ အစိုးရအရာရှိများနှင့်အတူ  တာဂျစ်ကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး လျိုပင်းတို့က လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

တာဂျစ်ကစ္စတန်နိုင်ငံသို့ မေ ၂၄ ရက်က ရောက်ရှိလာသော တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့အား တွေ့ရစဉ် (ဓါတ်ပုံ- တာဂျီကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး)

တာဂျစ်ကစ္စတန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးUmarzodaSaidaက တရုတ်နိုင်ငံအစိုးရအနေဖြင့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များစေလွှတ်၍ ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ပံ့ပိုးသည့်အတွက်  ကျေးဇူးတင်ရှိကြောင်း၊ ၎င်းမှာ ကပ်ဘေးကိုအနိုင်တိုက်ဖျက်မည့် အရေးကြီးသည့်ဆောင်ရွက်မှုလည်းဖြစ်ရာ တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်အတူ ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံတွေကိုလေ့လာသွားကာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ ခေါင်းဆောင် ကျီဝန်ခွေက ကပ်ရောဂါဖြစ်ပွားသည့်ကာလများတွင် တရုတ်-တာဂျစ်ကစ္စတန် နှစ်နိုင်ငံသည် အပြန်အလှန် ကူညီဖေးမခဲ့ပြီး အတတ်နိုင်ဆုံး အခက်အခဲများကို ကျော်လွှားခဲ့ကြောင်း ၊ မိမိတို့အဖွဲ့အနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများကို မျှဝေသွားကာ ကပ်ရောဂါတိုက်ဖျက်ရေးတာဝန်ကို အပြည့်အဝ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

သံအမတ်ကြီး လျိုပင်းကလည်း ကပ်ရောဂါအခြေအနေဆိုးဝါးနေသည့်အချိန်အခါတွင် တရုတ်ပညာရှင်များက တာဂျစ်ကစ္စတန်သို့လာရောက်၍ ပူးတွဲကူညီဆောင်ရွက်ပေးခြင်းသည် နှစ်နိုင်ငံ၏ ဘက်စုံမဟာဗျူမြောက်မိတ်ဖက်ဆက်ဆံရေး၏ မြင့်မားမှုကို ထင်ဟပ်ပြသခြင်းဖြစ်ကြောင်း ၊ပညာရှင်အဖွဲ့အနေဖြင့်လည်း တာဂျစ်ကစ္စတန်ရှိ ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်အတူ ဆွေးနွေးဖလှယ်ပူးပေါင်းဆောင်ရွက်ကာ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်မည်လို့ မျှောလင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့တွင် အဖွဲ့ဝင် ၁၄ ဦး ပါဝင်ရာ ၎င်းတို့မှာ ဆန်ရှီးပြည်နယ် သက်ဆိုင်ရာဌာနများမှ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါ ကုသရေးနှင့် တရုတ်တိုင်းရင်းဆေးကုသရေး၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး စသည့် ကဏ္ဍများမှာ ဆေးဘက်ပညာရှင်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)