Connect with us

CHINA

COVID-19 ရောဂါ တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုက တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာအားကောင်းစေ 

မြန်မာနိုင်ငံသို့ ဧပြီလအတွင်း ရောက်ရှိလာခဲ့သည့် တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့အား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) 

လွန်ခဲ့သော တစ်လကျော်ကတည်းက  ရှဲ့ကျန့်(Xie Jian)သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီးဖြစ်သော်လည်း ၎င်းသည် မြန်မာနိုင်ငံရှိ မိတ်ဆွေများထံမှ  COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သက်သော သတင်းစကား မေးမြန်းမှုကို ရရှိနေဆဲ ဖြစ်သည်။ 

“COVID-19 ရောဂါတိုက်ဖျက်ရေးမှာ တရုတ်ရိုးရာတိုင်းရင်းဆေး(TCM)က ကြိုတင်ကာကွယ်ရေး နဲ့ ထိန်းချုပ်ရေး အတွက် ဘယ်လို တိုးတက်အောင် လုပ်လဲ ၊ ဘယ်လို အထောက်အကူပြုလဲ ဆိုတဲ့ အကြောင်းအရာတွေကို ကျွန်တော့်ကို မေးမြန်းကြတာပါ”ဟု ကပ်ရောဂါ တိုက်ဖျက်ရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် TCM ကျွမ်းကျင်ပညာရှင် ရှဲ့ကျန်းက ပြောကြားခဲ့သည်။ ၎င်းသည် ဧပြီလက ရောဂါ ဖြစ်ပွားမှုကို ကူညီဖြေရှင်းပေးရန်အတွက် အိမ်နီးချင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ စေလွှတ်ခဲ့သော တရုတ်ဆေးပညာရှင် ၁၂ ဦးအဖွဲ့ထဲမှ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ 

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့ နှင့်အတူ သယ်ဆောင်လာသည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ်(ဆင်ဟွာ) 

 မြန်မာနိုင်ငံ၌ ၁၅ ရက်ကြာ နေထိုင်ခဲ့သည့် ကာလအတွင်း ဆေးပညာရှင်များက ဆေးရုံ နှင့် ဓာတ်ခွဲခန်း ၄၀ ကျော်တွင် သင်တန်းပေါင်း ၆၀ ကျော် ပြုလုပ်ခဲ့ပြီး ကျွမ်းကျင်သူများ ၊ ဒေသတွင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ နှင့်အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ယူနန် တိုင်းရင်းဆေးရုံမှ ဆရာဝန် တစ်ဦး ဖြစ်သူ ရှဲ့ကျန့်၏ အဓိက တာဝန်များအနက် တစ်ခုမှာ တရုတ်ရိုးရာတိုင်းရင်းဆေး(TCM)မှ တစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ တိုက်ဖျက်ရေးတွင် ၎င်း၏ အတွေ့အကြုံများကို မျှဝေရန် ဖြစ်သည်။ 

“ဆက်ဆံမှုတွေ နဲ့ သင်ကြားမှုတွေကနေ တစ်ဆင့် တရုတ်ရိုးရာတိုင်းရင်းဆေး နဲ့ သူ့ရဲ့ အကျိုးသက်ရောက်မှုတွေဟာ ကပ်ရောဂါကို ဘယ်လို တိုက်ဖျက်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ ပြသခဲ့ပါတယ်။”ဟု ၎င်းက ဆိုသည်။ တာဝန်ရှိသူများ နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက တရုတ်ရိုးရာတိုင်းရင်းဆေး၏  ကပ်ရောဂါတိုက်ဖျက်နိုင်ပုံကို အလွန် စိတ်ဝင်စားကြကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“ မြန်မာ့တိုင်းရင်းဆေးတွေဟာ ရောဂါကာကွယ်ဖို့ သို့မဟုတ် ပျောက်ကင်းဖို့ လုပ်နိုင်စွမ်းရှိတဲ့  တရုတ်ရိုးရာတိုင်းရင်းဆေးတွေနဲ့ ဆင်တူတယ်လို့ ယုံကြည်ကြပါတယ်။”ဟု တရုတ် ဆေးဘက်ဆိုင်ရာ ကျွန်းကျင် ပညာရှင်များအဖွဲ့မှ တစ်ဦးတည်းသော တရုတ်ရိုးရာတိုင်းရင်းဆေး ဆရာဝန် ရှဲ့ကျန့်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ရှိနေစဉ် ၎င်းယူဆောင်လာခဲ့သော တရုတ်ရိုးရာတိုင်းရင်းဆေးများအား များစွာ သဘောကျကြကြောင်း ရှဲ့ကျန့်က ပြောကြားခဲ့သည်။ အလုပ်များပြားသော ဆရာဝန်တစ်ဦးဖြစ်သူ ရှဲ့ကျန်သည် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအဖွဲ့ စေလွှတ်မည်ဟု ကြားသိရသောအခါ ယင်းဆေးအဖွဲ့ နှင့် အတူ လိုက်ပါရန် တွန့်ဆုတ်ဝန်လေးခဲ့ခြင်း လုံးဝ မရှိပေ။ 

“ကပ်ရောဂါဖြစ်နေလို့ ကျွန်တော်မိသားစုက စိုးရိမ်စိတ်အနည်းငယ်ရှိပေမယ့် ကျွန်တော့်ခရီးစဉ်ကို သူတို့ထောက်ခံအားပေးကြတယ်” ဟု ရှဲ့ကျန့်က ပြောကြားခဲ့ပြီး “ အဲဒီဆေးဘက်ဆိုင်ရာအဖွဲ့မှာ လိုက်ပါခွင့်ရလို့ အရမ်းကို ဂုဏ်ယူပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ရှဲ့ကျန့်က တရုတ် နှင့် မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို ချီးကျူးခဲ့ပြီး တရုတ်နိုင်ငံတွင် ကပ်ရောဂါ ဖြစ်ပွားစဉ် မြန်မာနိုင်ငံရှိ ပြည်သူများက အကူအညီများ ပေးပို့ခဲ့ကြောင်း ၊ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ တွေ့ရှိလာချိန်တွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံက ကူညီထောက်ပံ့မှုများကို တိုးမြှင့်ပေးဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဆိုသည်။

“နှစ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အတူတကွ ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ ပြည်သူတွေကို COVID-19 ရောဂါ ဖြစ်ပွားမှုကနေ အကာအကွယ်ပေးနိုင်တာပေါ့ ”ဟု ၎င်းက ပြောကြားသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ nucleic စမ်းသပ် ဓာတ်ခွဲခန်း တစ်ခုကို လှူဒါန်းခဲ့ပြီး ယင်းပစ္စည်းကိရိယာများကို မြန်မာနိုင်ငံသို့ စေလွှတ်သော တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့မှ တစ်ပါတည်း ယူဆောင်လာခဲ့သည်။  တရုတ်နိုင်ငံ အနေဖြင့် ယခုထိ nucleic စမ်းသပ်ကိရိယာ ၁၆၀,၀၀၀ ကျော် ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၃ ဒသမ ၉၇ သန်းကျော် နှင့် အကာအကွယ် ဝတ်စုံ ၅၀,၀၀၀ ခန့် ကို မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

ကပ်ရောဂါ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ယူနန်ပြည်နယ်ရှိ တက်ဟုန်းတိုင် နှင့် ဂျိမ်းဖောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိသူများသည် ရောဂါ တိုက်ဖျက်ရေး နည်းလမ်းများကို ဆွေးနွေးရန် မြန်မာနိုင်ငံရှိ ဒေသဆိုင်ရာ တာဝန်ရှိသူများ နှင့် အစည်းအဝေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။ 

တက်ဟုန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများသည် ကပ်ရောဂါ တိုက်ဖျက်ရေး တေးသီချင်း တစ်ပုဒ်အား မြန်မာလူမျိုးနှင့် အတူတကွ ပူးပေါင်းဖန်တီးခဲ့ကြောင်း သိရသည်။ “တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုကို ပံ့ပိုးပေးနိုင်တာ ဂုဏ်ယူစရာ ဖြစ်ပါတယ်။”ဟု တက်ဟုန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ စာသင်ကျောင်း တစ်ခုတွင် အလုပ်လုပ်ကိုင်နေပြီး တေးသီချင်းသီဆိုမှုတွင် ပါဝင်ခဲ့သူ မြန်မာနိုင်ငံမှ မနှင်းနှင်းကြည်က ပြောကြားခဲ့သည်။ 

ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံသည် ရောဂါတိုက်ဖျက်ရေးတွင် တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ရာ ယင်းမှာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အထောက်အကူပြုစေကြောင်း နှင့်  ကပ်ရောဂါ အမြန်ဆုံး အဆုံးသတ်သွားရန်လည်း မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)