Connect with us

MYANMAR

COVID-19 ကာလအတွင်း ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၉၅,၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာ

မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmaalinn)

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ) 

COVID-19 ကာလ ၄ လကျော်ကာလအတွင်း မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေ ၉၅,၁၀၂ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများသည် မတ် ၂၁ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ဝင်ရောက်လာခဲ့သူများ ဖြစ်ပြီး မေလအတွင်းက ပြန်လည်ဝင်ရောက်လာသူ အရေအတွက် အများဆုံး ဖြစ်ကာ ယခုအခါတွင် တစ်ရက်လျှင် ဦးရေ  ၂၀၀ ဝန်းကျင် ပြန်လည်ဝင်ရောက်လျက် ရှိကြောင်း ၊ အဆိုပါ ၉၅,၁၀၂ ဦးအနက် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အရေအတွက်မှာ ၃၇ ဦး ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “ပြန်ကိုပြန်လာရမယ့်သူဆိုရင်တော့ ပြန်လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ တကယ်လို့ ကိုယ်က အလုပ်ရှိနေတယ်။ ပြန်လည်း အလုပ်ပြန်သွားလုပ်ဦးမှာ ဆိုခဲ့ရင်တော့ ဒီအချိန်မှာတော့ နည်းနည်း စဉ်းစားရမှာပေါ့။”ဟု ပြောကြားခဲ့သည်။ 

မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြား သော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပြီး သက်ဆိုင်ရာ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“လာတဲ့သူအားလုံးကို မဲဆောက်ဘက်ခြမ်းထိ Express တွေနဲ့ သွားကြိုပေးတယ်။ ကျွန်တော်တို့ဘက်ရောက်ပြီဆိုရင်တော့ ဝင်းအပြင်မှာ ၆ ပေခြား Social Distancing လုပ်ပေးတယ်။ Mask မပါရင် Mask တပ်ပေးမယ်။ ပြီးရင် ဆပ်ပြာနဲ့ လက်ဆေးတာတွေ လုပ်ပေးတယ်။ အဓိကတော့ ဒီသုံးချက်ပေါ့။ COVID-19 ကာကွယ်ရေးမှာ Social Distancing ၊ Mask တပ်တာ ၊ လက်ဆေးတာ အဲဒီသုံးခုကတော့ တောက်လျှောက် လုပ်သွားရမယ်။ အဲဒီ Message ကို ပေးတယ်။ လက်တွေ့လဲ လုပ်ခိုင်းတယ်။”ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားခဲ့သည်။ 

“ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေပါ။ တစ်ချို့လဲ အနည်းအကျဉ်းတော့ ဆေးကုပြီး ပြန်လာတဲ့သူ ပါတာပေါ့။နောက်ပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုတွေတို့ ၊ တစ်ချို့ကြတော့လည်း ကျောင်းပိတ်လို့ လိုက်သွားတယ်။ကျောင်းပြန်ဖွင့်တော့ ပြန်လာတာပေါ့ ဒါမျိုးလဲ ရှိတာပေါ့။ အားလုံးက အလုပ်သမားတွေချည်းပဲတော့ မဟုတ်ဘူးပေါ့။ သူတို့ရဲ့ မိသားစုဝင်တွေ ၊ ရင်ခွင်ပိုက်တွေ ၊ ကလေးတွေ ၊ ကလေးမွေးခါစလေးတွေ ၊ အခုမှ ကလေးမွေးဖို့ ပြန်လာတာတွေ အစုံပေါ့။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း အရေအတွက်မှာ ယနေ့ ဇူလိုင် ၃၁ ရက် နံနက် ၈:oo နာရီအထိ ၃၅၃ ဦး ၊ သေဆုံးသူ ၆ ဦးနှင့် ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၂၉၅ ဦး ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.