Connect with us

WORLD

COVID-19 စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုကြောင့် အောက်တိုဘာ ၂ ရက်အထိ Air India Express လေကြောင်းခရီးစဉ်များကို ဒူဘိုင်း ဆိုင်းငံ့

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဒီနိုင်ငံတကာလေဆိပ်တွင် လေယာဉ်များ ရပ်နားထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဒူဘိုင်း မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့သည် ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်း COVID-19 ရောဂါရှိကြောင်း စစ်ဆေးမှုအဖြေရရှိထားသော ခရီးသည်များကို နှစ်ကြိမ်တိုင်အောင် တင်ဆောင်လာသည်ဟူသော စွပ်စွဲချက်ဖြင့် Air India Express လေကြောင်းခရီးစဉ်များကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ၁၅ ရက်ကြာ ဆိုင်းငံ့လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။

Air India Express လေကြောင်းလိုင်းသည် ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း COVID-19 ရောဂါရှိကြောင်း စစ်ဆေးမှုအဖြေရှိသော ခရီးသည်တစ်ဦးကို ဒုတိယအကြိမ်မြောက် တင်ဆောင်လာခြင်းသည် ဒူဘိုင်းမြို့ရှိ လေဆိပ်များသို့ ဆိုက်ရောက်ခြင်း၊ ထွက်ခွာခြင်းနှင့် ဆက်စပ်သော လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်၊ ချိုးဖောက်မှုဖြစ်ကြောင်း ဒူဘိုင်း မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။

 “ဒါကြောင့် Air India Express မှ ဒူဘိုင်းလေဆိပ်များသို့ ခရီးစဉ်အားလုံးကို အချိန် ၁၅ ရက်ကြာ ယာယီဆိုင်းငံ့သွားမှာဖြစ်ပြီး ဒီနေ့ (စက်တင်ဘာ ၁၈ ရက်) ကနေ အောက်တိုဘာ ၂ ရက်အထိ သက်ရောက်မှုရှိမှာဖြစ်ပါတယ်” ဟု ဒူဘိုင်း မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

ယူအေအီး အစိုးရ၏ စည်းမျဉ်းများအရ အိန္ဒိယနိုင်ငံမှ လာရောက်မည့် ခရီးသည်တိုင်းအနေဖြင့် ခရီးမစတင်မီ ၉၆ နာရီအတွင်း RT-PCR စမ်းသပ်စစ်ဆေးမှုမှ COVID ရောဂါမရှိကြောင်းလက်မှတ်မူရင်းကို ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။

လေကြောင်းလိုင်းအနေဖြင့် ၎င်းတို့၏ လေကြောင်းခရီးစဉ်များ ဒူဘိုင်းသို့ ပြန်လည်စတင်နိုင်ရန်အတွက် ယင်းကဲ့သို့ ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် မှန်ကန်သော လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းစဉ်အကောင်အထည်ဖော်မှု အသေးစိတ်ကို တင်သွင်းရန် ပြောကြားထားကြောင်း သိရသည်။  (Xinhua)