Connect with us

WORLD

COVID-19 ရောဂါ ရှေ့ပြေးကာကွယ်ဆေး ၅ မျိုးကို သုတေသနအဆင့် ထုတ်လုပ်နိုင်ခဲ့ပြီဟု ရုရှားနိုင်ငံ ဆို 

ရုရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဂိုလီကိုဗာ(Golikova)အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) 

ရုရှားသိပ္ပံသုတေသီများသည် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲ (Novel coronavirus strains)ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ရာ ရှေ့ပြေး ကာကွယ်ဆေး ၅ မျိုးအတွက် သုတေသနအဆင့် ထုတ်လုပ်နိုင်ခဲ့ ကြောင်း ရုရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဂိုလီကိုဗာ(Golikova)က ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့ သည်။ 

ရုရှားနိုင်ငံ ဗိုင်းရပ်စ်ရောဂါဗေဒနှင့်ဇီ၀နည်းပညာဆိုင်ရာ အမျိုးသား သိပ္ပံစင်တာ(FSRI SRC VB VECTOR)သည် COVID-19 ရောဂါ ရှေ့ပြေး ကာကွယ်ဆေး ၅ မျိုးကို သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ ကြောင်း ၊သို့သော်လည်း ၎င်းမှာ ကာကွယ်ဆေးသုတေသနလုပ်ငန်း၏ အစကနဦးအဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း ဂိုလီကိုဗာ(Golikova)က ဆိုသည်။

ရုရှားနိုင်ငံ၌ အသစ်ထပ်တိုးလူနာ ၃ ဦးရှိပြီး ၎င်းတို့သည် “Diamond Princess”သင်္ဘောပေါ်တွင် လိုက်ပါခဲ့ကြသည့် ခရီးသည်များ ဖြစ်သည်ဟု ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဌာနက အတည်ပြုထားကြောင်း စားသုံးသူ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့်ပြည်သူ့အကျိုးစီးပွား ကြီးကြပ်ရေးဦးစီးဌာန အကြီးအကဲ အန်နာပိုဗာ(Anna Popova)က ဖေဖော်ဝါရီ ၂၆ ရက်တွင်ပင် ပြောကြားခဲ့သည်။

“Diamond Princess”သင်္ဘောပေါ်မှ ပြန်လည်ခေါ်ဆောင်လာသူ ရုရှားနိုင်ငံသား ၈ ဦးရှိရာ လက်ရှိတွင် ကူးစက်ရောဂါဆေးရုံ၌ သီးခြားထား စောင့်ကြည့်လျက်ရှိကြောင်း ၊ ၎င်းတို့အနက် COVID-19 ရောဂါ ကူးစက်ခံရသူ ၃ ဦးမှာ ဂျပန်နိုင်ငံ၌ အတည်ပြုပြီးဖြစ်ကြောင်း အန်နာပိုဗာ(Anna Popova)က ဆိုသည်။ ရုရှားနိုင်ငံတွင်လည်း ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဌာနက ဗိုင်းရပ်စ်ရောဂါပိုး စမ်းသပ်မှုနည်းများကို သုံး၍ စမ်းသပ်ခဲ့ရာ ၎င်းတို့ ၃ ဦးကို အတည်ပြုလူနာ အဖြစ်အတည်ပြုထားကြောင်း ၊ သို့သော် ၎င်းတို့ ၃ ဦးစလုံးမှာ ကိုယ်ပူချိန်ပုံမှန်ဖြစ်ပြီး မည်သည့်မသက်မသာသည့် လက္ခဏာမျှ မရှိကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ယခုလ ၂၃ ရက်တွင် “Diamond Princess”သင်္ဘောပေါ်ရှိ ရုရှားနိုင်ငံသား ၈ ဦးအား လေယာဉ်လွှတ်၍ ဂျပန်နိုင်ငံမှ ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။ ထိုမတိုင်မီ ရုရှားနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၂ ဦးရှိကြောင်း ပြောကြားခဲ့ရာ   ၎င်းတို့ ၂ ဦးစလုံး ရောဂါ သက်သာ ပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)