Connect with us

WORLD

အင်္ဂလန်နိုင်ငံ၌ ကျန်းမာရေးအရာရှိတစ်ဦးထံတွင် COVID-19 စမ်းသပ်တွေ့ရှိ

COVID-19 ကူးစက်ခံထားရသော အင်္ဂလန်နိုင်ငံ လူနာဘေးကင်းလုံခြုံရေး ၊ အဆုံးစီရင်မှု ကြိုတင်ကာကွယ်ရေး နှင့် စိတ်ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး Nadine Dorries အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ၌ ကျန်းမာရေးအရာရှိတစ်ဦးထံတွင် COVID-19 စမ်းသပ်တွေ့ရှိခဲ့ကြောင်း နှင့် အခြားသူများထံရောဂါ ကူးစက်မှုမရှိစေရန် ၎င်းအနေဖြင့် မိမိနေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း အင်္ဂလန်နိုင်ငံ ကျန်းမာရေး နှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး Care Matt Hancock က မတ် ၁၀ ရက်ညနေပိုင်းတွင် တွစ်တာလူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

“ Nadine မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ စမ်းသပ်တွေ့ရှိရတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်” ဟု Hancock က ဆိုသည်။ ရောဂါကူးစက်ခံထားရသော Nadine Dorries သည် အင်္ဂလန်နိုင်ငံ လူနာဘေးကင်းလုံခြုံရေး ၊ အဆုံးစီရင်မှု ကြိုတင်ကာကွယ်ရေး နှင့် စိတ်ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးဖြစ်ကြောင်း သိရသည်။

“ ကိုယ့်ဟာကိုယ်အိမ်မှာသီးသန့်ခွဲခြား နေလိုက်တာဟာ သိပ်ကိုမှန်ကန်တဲ့ ဆောင်ရွက်ချက်ပါ ။ အမျိုးသားကျန်းမာရေးဌာန(NHS) နဲ့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန(PHE) နှစ်ခုစလုံးက ဝန်ထမ်းတွေဟာ တစ်ကယ့် ပါရမီရှင်တွေပါပဲ”ဟု Hancock က ဆိုသည်။“ ကျွန်တော်တို့အားလုံးက Nadine အမြန်ဆုံးပြန်လည်နေကောင်းဖို့ ဆုတောင်းပါတယ်” ဟု Hancock က ဆက်လက်ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ရောဂါကူးစက်ခံထားရကြောင်း သိသိချင်းမှာပင် လိုအပ်သောကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်အားလုံးကို လိုက်နာခဲ့ကြောင်း နှင့် နေအိမ်တွင် မိမိကိုယ်ကို သီးသန့်ခွဲခြား နေထိုင်ခဲ့ကြောင်း Nadine ၏ သတင်းထုတ်ပြန်ချက်တစ်စောင်ကို ကိုးကား၍ BBC က သတင်းဖော်ပြခဲ့သည်။“ အင်္ဂလန်နိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနက ထိတွေ့ဆက်စပ်မှုလမ်းကြောင်းကို အသေးစိတ်သိနိုင်ဖို့ စတင်လုပ်ဆောင်နေပါတယ် ။ သူတို့ရဲ့အကြံပြုချက်တွေကို ဌာန နဲ့ ကျမရဲ့ရုံးကလည်း အနီးကပ် လိုက်နာဆောင်ရွက်နေပါတယ်”ဟု Nadine က ဆိုသည်။အင်္ဂလန်နိုင်ငံတွင် မတ် ၁၀ ရက် ညနေပိုင်းအထိ COVID-19 အတည်ပြုလူနာပေါင်း ၃၈၂ ဦးရှိကြောင်း နှင့် ၆ ဦးသေဆုံးခဲ့ကြောင်း အင်္ဂလန်ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။(Xinhua)