Connect with us

WORLD

COVID-19 ကာကွယ်ရေးအတွက် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်အား လိုက်နာမှုမရှိသူများကို ဒဏ်ရိုက်မည့် အမိန့်ကြေညာချက် သမ္မတ ပူတင် လက်မှတ်ထိုး

ရုရှားနိုင်ငံ သမ္မတ ပူတင်သည် ၎င်း၏အစိုးရအဖွဲ့ဝင်များနှင့် ဧပြီ ၁ ရက်က ဗွီဒီယို အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါအခြေအနေကြောင့် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို မလိုက်နာသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများ၏ တရားဝင်တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းကောင်း အရေးယူ ဒဏ်ရိုက်မည့် အမိန့်ကြေညာချက်ကို ဧပြီ  ၁ ရက်တွင် ရုရှား သမ္မတ ပူတင်က လက်မှတ်ထိုးအတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါအမိန့်ကြေညာချက်အရ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို ချိုးဖောက်ပါက လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဒဏ်ငွေ အမြင့်ဆုံး ရူဘယ် ၄ သောင်း (အမေရိကန်ဒေါ်လာ ၅၀၉ ဒေါ်လာခန့်)ကို လည်းကောင်း ၊ သက်ဆိုင်ရာ ကုမ္ပဏီလုပ်ငန်းများ၏ တရားဝင် တာဝန်ရှိပုဂ္ဂိုလ်ကို ဒဏ်ငွေ အမြင်ဆုံး  ရူဘယ် ၅ သိန်း (အမေရိကန်ဒေါ်လာ ၆,၃၅၇ ဒေါ်လာခန့်)ကိုလည်းကောင်း ပေးဆောင်ရမည်ဖြစ်ပြီး အခြေအနေဆိုးဝါးပါက လုပ်ငန်းလိုင်စင် ရက် ၉၀ အထိ ပိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို ချိုးဖောက်ခြင်းကြောင့် အခြားသူအား ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး ထိုသို့သတ်မှတ်အား ချက်ချိုးဖောက်ခြင်းကြောင့် အခြားရောဂါကူးစက်ခံရသူ သေဆုံးမှုဖြစ်ပွားခဲ့ပါက အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ၊ သတ်မှတ်ချက် ချိုးဖောက်မှုကြောင့် ရောဂါ ကူးစက်ခံရသူ နှစ်ဦး သို့မဟုတ် နှစ်ဦးနှင့်အထက် သေဆုံးမှုဖြစ်ပွားခဲ့ပါက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင်ကြောင်း အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမိန့်ကြေညာချက်တွင် ကပ်ရောဂါနှင့်ပတ်သတ်၍ လူမှုအသိုက်အဝန်းအား စိုးရိမ်ထိတ်လန့်မှုဖြစ်စေမည့် သတင်းတု၊ သတင်းမှား ဖြန့်ဝေသူကို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟူ၍လည်း ဖော်ပြထားသည်။

COVID-19 ကပ်ရောဂါ လျှင်မြန်စွာ ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် ရုရားနိုင်ငံ မော်စကို မြို့တွင် မတ် ၃၀ ရက်မှစတင်ကာ အများပြည်သူအား ကျန်းမာရေးအခြေအနေကြောင့်နှင့် အရေးပေါ်ကယ်ဆယ်ရန်၊ ဈေးဝယ်ဆေးဝယ်ရန်၊ အမှိုက်စွန့်ပစ်ရန် စသည့် မဖြစ်မနေအခြေအနေများမှလွဲ၍ နေအိမ်အတွင်း၌သာ သီးသန့်နေထိုင်ကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ရုရှားကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ညွှန်ကြားရေးဌာန၏ ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ  ရုရှားနိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂,၇၇၇ ဦး ရှိပြီး သေဆုံးသူ ၂၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။  (Xinhua)