Connect with us

WORLD

လေယာဉ်ပေါ်တွင် COVID-19 ကူးစက်ခံရသူတွေ့ရှိပြီးနောက် Thai Smile လေကြောင်းလိုင်းမှ ဝန်ထမ်း ၇ ဦးကို အသွားအလာကန့်သတ်ပိတ်ပင်

ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်အား မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

မကြာသေးမီက Thai Smile လေကြောင်းလိုင်းပေါ်တွင် လိုက်ပါလာသော ခရီးသည်များအနက် တစ်ဦးတွင် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းလေယာဉ်ဝန်ထမ်း ၇ ဦးကို အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ပြုလုပ်လျက်ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းဖြစ်သော Thai Smile လေကြောင်းလိုင်းမှ လေယာဉ်မှူးနှင့် ဝန်ထမ်း ၇ ဦးတို့သည် ခရီးစဉ်အမှတ် WE291 ဖြင့် မတ် ၂၆ ရက်က သုဝဏ္ဏဘူမိလေဆိပ်မှ နိုင်ငံတောင်ပိုင်း နာရာသီဝတ်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း အစိုးရအိမ်တော် တာဝန်ရှိသူတစ်ဦး အဆိုအရ သိရသည်။

လက်ရှိတွင် ၎င်းလေယာဉ်ဝန်ထမ်းများကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ပိတ်ပင်မှု ပြုလုပ်ထားပြီး အဆိုပါ လေယာဉ်ကိုလည်း ပိုးသတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ 

လေယာဉ်ပေါ်လိုက်ပါသွားသည့် ခရီးသည်စာရင်းကိုလည်း ကျန်းမာရေးအာဏာပိုင်များထံ ပေးပို့ထားပြီးဖြစ်ကြောင်းနှင့် ကူးစက်ရောဂါစောင့်ကြည့်ခြင်းနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)