Connect with us

Sino-Myanmar

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်းပြီးမြောက်ခြင်း အခမ်းအနား မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၌ ကျင်းပ

ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-Chinese Embassy in Myanmar)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးမှုဖြင့်ဖော်ဆောင်သည့် “ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း” ပြီးမြောက်ခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)တွင် ထုတ်ပြန်သော သတင်းအရသိရသည်။

ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-Chinese Embassy in Myanmar)

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၃ ခုနှင့် ကျေးရွာ ၃ ရွာတို့အတွက် ဆိုလာရေမော်တာစက်၊ ရေသန့်စင်စက်၊ ရေလောင်ကန်နှင့်ရေပိုက်ကွန်ရက်များ တည်ဆောက်ရေး စသည်တို့အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး မိသားစုပေါင်း ၄၀၀ ကျော် အကျိုးခံစားရမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းသည် တရုတ်-မြန်မာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရေအရင်းအမြစ်ကဏ္ဍတွင် ကိုယ်စားပြုစံပြစီမံကိန်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများက သန့်ရှင်းသောသောက်သုံးရေရရှိရန် ကူညီပေးပြီး ကူးစက်ရောဂါအန္တရာယ်ကို ထိရောက်စွာလျှော့ချပေးမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးသောဒေသနေပြည်သူများ လူနေမှုအဆင့်အတန်းကို ကောင်းမွန်လာစေပြီး မြို့ပြနှင့်ကျေးလက် အခြေခံအဆောက်အအုံကွာဟမှုကိုလျှော့ချပေးမည်ဖြစ်ကြောင်း သံမှူး Mr. Ouyang Daobing က ပြောသည်။

ဆက်လက်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို မျှဝေသွားလိုပြီး မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ အဆင့်အတန်းတိုးမြှင့်ရေးအတွက် ဆက်လက် တတ်စွမ်းသမျှကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့ကလည်း အသီးသီးအမှာစကားပြောကြား၍ တရုတ်နိုင်ငံက ယခုစီမံကိန်းအတွက် ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံက ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ သောက်သုံးရေနှင့် ကျန်းမာရေးကဏ္ဍပန်းတိုင်ကို ကူညီဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)