Connect with us

Culture & Entertainment

ပုဂံရှိနာမည်ကြီးဘုရားများ ဖူးမြော်ခွင့် ပိတ်ခြင်း၊မပိတ်ခြင်း ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ညွှန်ကြားထားခြင်းမရှိဟုဆို

ပုဂံဘုရားတစ်ဆူအား ဓာတ်ပုံရိုက်နေသည့် ခရီးသွားဧည့်သည်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) 

ပုဂံရှိနာမည်ကြီးဘုရားများ ဖူးမြော်ခွင့် ပိတ်ခြင်း၊မပိတ်ခြင်း ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ညွှန်ကြားထားခြင်းမရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၂၉ ရက်တွင်ပြောကြားခဲ့သည်။

ဦးမြင့်သန်းက “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ ကတော့ ပုဂံရှေးဟောင်းနယ်မြေက ဘုရားတွေ ကို ပိတ်ဖို့ရော၊ ဖွင့်ဖို့ရော ညွှန်ကြားထားတာ မရှိပါဘူး။ တစ်ခြားသက်ဆိုင်ရာ တာဝန်ရှိသူတွေ က ဆောင်ရွက်ကြပုံရပါတယ်။ တန်ခိုးကြီးဘုရား ၁၇ ဆူ ပိတ်တယ်လို့ကျွန်တော်တို့ အွန်လိုင်းမှာ တွေ့ရပါတယ်။ တိတိကျကျတော့ ကျွန်တော်တို့လည်းမသိပါဘူး”  ဟုဆိုသည်။

ညောင်ဦးမြို့နယ် ရှိ ကုမုဒြာ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦး က “၄ ရက် ရုံးပိတ်ရက် အတွက် အခန်းတွေ က ငှားထားပြီးသားပါ။ တန်ခိုးကြီးဘုရားတွေ ဖူးမမြော်ခွင့်ပိတ်ကြောင်း တော့ စာထွက်ပါတယ်။ ဒါပေမယ့် ပုဂံကို ပိတ်တာ မဟုတ်ဘူး။ ပိတ်တဲ့ ဘုရားတွေကိုလည်း အပြင်ကဖူးလို့ရပါတယ်’’ ဟု ပြောကြားခဲ့သည်။ 

ဇူလိုင် ၃၁ ရက် မှစတင်ပြီး သြဂုတ် ၃ ရက် အထိ ပိတ်ရက် ၄ ရက် ဆက်သည့် အတွက် COVID-19 ရောဂါ နှင့် ဖြေလျှော့မှုများကြောင့် ပြည်သူတစ်ချို့ ပြည်တွင်း ခရီးသွားရန်ပြင်ဆင်လျက်ရှိသဖြင့် ဟိုတယ်အများစုလည်း ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။  (Xinhua)