Connect with us

Culture & Entertainment

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ပြိုင်ပွဲတွင် ဆုရရှိသော စာမူနှင့် စာရေးဆရာများ အမည်စာရင်းထုတ်ပြန်ကြေညာ

၂၀၁၈ ခုနှစ် အတွက် အမျိုးသား စာပေတစ်သက်တာဆု ၊ အမျိုးသားစာပေဆု နှင့် စာပေ ဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုရရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၅ရက်(ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနန၏ သတင်းဖော်ပြချက်အရ သိရသည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတို ပေါင်းချုပ်ဆု၊ ကဗျာ ပေါင်းချုပ်ဆု၊ သုတ ပဒေသာ(ဝိဇ္ဇာ)ဆု၊ သုတ ပဒေသာ (ရိုးရိုး သိပ္ပံနှင့် အသုံးချ သိပ္ပံ)ဆု၊ စာပဒေသာ ဆု၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆု၊ ကလေး စာပေဆု၊ လူငယ်စာပေဆု၊ နိုင်ငံရေး စာပေဆု၊ ပြဇာတ်စာပေဆု၊ ဘာသာပြန်စာပေ(သုတ)ဆု၊ ဘာသာပြန်စာပေ(ရသ)ဆု ဟူ၍ ဆုအမျိုး အစားများ အလိုက် ရရှိကြသည့် စာပေပညာရှင်များ ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

ဝတ္ထုရှည်ဆုတွင် ပထမဆုကို နွေကံ့ကော်(မြို့လှ)၏ မော်စကိုမှာ ဝေတဲ့နှင်း၊ ဒုတိယဆုကို မောင်အင်း(ဥက္ကံ)၏ သဲရေစစ်၊ တတိယဆုကို သဉ္ဇာလှိုင်(လားရှိုး)၏ နေထိပန်းနွမ်းသော်လည်း စာမူများက လည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို နန္ဒာခင် (သက္ကလမြေ)၏ အဖေ့ခြံနှင့် အခြားရသ ဝတ္ထုတိုပေါင်းချုပ်၊ ဒုတိယဆုကို သက်သက်နွယ်၏ လမင်းစန္ဒာလင်းပါ စေနှင့် အခြား ဝတ္ထုတိုများ၊ တတိယဆုကို သောင်းမြင့်ဦး (ကွမ်းခြံကုန်း)၏ နားဝင်ပီယံခလောက်သံနှင့် အခြား ဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ယဉ်ယဉ်(မင်းကန်)၏ မနွမ်းပန်းခင်း ကဗျာများ၊ ဒုတိယဆုကို ချစ်စုအောင်၏ မုဒိတာရင်ခွင်ကဗျာများ စာမူများက လည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပထမဆုကို ရဲမင်းထက် (မြန်မာစာ)၏ ဇာတက နောက်ခံ ရခိုင်သာခြင်းများ၏ အပြောက်အမွမ်း၊ ဒုတိယဆုကို လှိုင်းနန္ဒာ (တမာမြေ)၏ မိုင်းပွန် အာဇာနည် စစ်တမ်းရှာပုံတော် စာမူများကလည်းကောင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ဆုတွင် ပထမဆုကို ‌ဒေါက်တာဆုမွန်လွင်၏ ကြောင်ချစ်သူများ သိမှတ်ဖွယ်ရာ ဗဟု သုတ အဖြာဖြာ၊ ဒုတိယဆုကို မောင်အောင်၏ နို့နှင့်နို့ထွက်ပစ္စည်း လက်တွေ့ ထုတ်လုပ်နည်းများ စာမူများက လည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို ဦးရဲ‌ဒွေး၏ ရုပ်သေးသဘင်သုံး ဇာတ်စာ ဇာတ်စကား များ၊ ဒုတိယဆုကို ကိုညိုကြီး ၏ မြောက်ကျောင်းသားကြီး ခရီးဝင်္ကပါ၊ တတိယဆုကို တင့်ထွန်း (ချောက်)၏ အကြီးတော်ချုပ် စာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေဆုတွင် ပထမဆုကို လွင်မြန်မာ (မန်းတက္ကသိုလ်)၏ မြန်မာ့ ရွှေချည်ထိုး၊ ဒုတိယဆုကို မိုးမြင့်ဝင်း(မဟာဝိဇ္ဇာ)၏ မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များ၊ တတိယဆုကို မင်းဗေဒါ (ပွင့်ဖြူ)၏ စာရွက်ပေါ်မှာ ရုပ်ရှင် ရိုက်ခြင်း (ရုပ်ရှင်ဇာတ်ညွှန်း အနုပညာလေ့လာချက်) စာမူများ ကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို ကန့်ဘလူခင်မောင်ဆွေ၏ စက္ကူကျားနှင့် ရွှံ့ရုပ်နွား ကလေးကဗျာများ၊ ဒုတိယဆုကို ကိုထွန်းရင် (အဏ္ဏဝါ)၏ စက္ကူလှေ ကလေးလွှတ်ကြမယ် ကလေးကဗျာများ၊ တတိယဆုကို ထက်ဝေအောင် (စစ်ကိုင်း) ၏ ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြားကလေးဝတ္ထုတိုများ စာမူများက လည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို ရန်ကုန်ဌေးဇော်၏ အသက် ရှည်ပါ ရေ၊ ဒုတိယဆုကို အေပရယ်ယုနိုင် (ရွှေတောင်)၏ မမဆိုသော သမီးကြီး၊ တတိယဆုကို ကိုရွှေရင်အေး၏ ရွာကြီးတစ်ရွာသို့အလည်တစ်ခေါက် စာမူများ ကလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံရေးစာပေဆုတွင် ဒုတိယဆုကို ဇွဲသန်းသျှင်း (သုံးဆယ်)၏ ကချင်ပြည်နယ် တိုင်းရင်းသားများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း စာမူကလည်းကောင်း၊ ပြဇာတ် စာပေဆုတွင် ဒုတိယဆုကို မောင်မြေနီ (တမာတော)၏ တစ်နေ့နေ့ထဲက တစ်နေ့၊ တတိယဆုကို ရွှေရင်းမာ၏ ပျူသွေး စာမူ များကလည်းကောင်း၊ ဘာသာပြန်စာပေ(သုတ)ဆုတွင် ပထမဆုကို ဒီပံလင်း၏ နောက်ဆုံး ကျန်သော ရေတစ်စက် – ရေနိုင်ငံရေး စာမူက လည်းကောင်း၊ ဘာသာပြန် စာပေ(ရသ)ဆုတွင် ပထမဆုကို ဇော်ဦးငြိမ်း၏ ဗွီအက်(စ်)နိုင်ပေါလ်၊ စိတ်ကူးရောင်စုံ ဝတ္ထုတိုများ စုစည်းမှု စာမူက လည်းကောင်းရရှိကြ သိရသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆု ဆယ်သိန်း၊ ဒုတိယဆု ခုနစ်သိန်း၊ တတိယဆု ငါးသိန်း ချီးမြှင့် သွားမည် ဖြစ်ကြောင်း၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိ ပညာရှင်၊ အတတ်ပညာရှင် များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူများ ပါဝင် သော ပုဂ္ဂိုလ် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၈၇ စောင်ကို သက်ဆိုင်ရာ ဘာသာရပ် အလိုက်ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့် ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်း အနားကို ရန်ကုန်မြို့တွင် COVID-19 ရောဂါထိန်းချုပ်သည့် ကာလဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပမည် ဖြစ်ကြောင်းလည်း ဖော်ပြ ပါရှိသည်။ (Xinhua)

#၂၀၁၉ ခုနှစ် #မြန်မာ #SarpaybeikmanManuscripAwards #စာပေဗိမာန်စာမူဆုများ #Xinhua