Connect with us

Culture & Entertainment

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုရှင်နှစ်ဦး နှင့် အမျိုးသားစာပေဆုများ အမည်စာရင်းထုတ်ပြန်ကြေညာ

၂၀၁၉ ခုနှစ်၏ အမျိုးသား စာပေ တစ်သက်တာဆုရှင် စာရေးဆရာကြီး ဦးအံ့မောင်(အံ့မောင်) (ဓာတ်ပုံ- ကြေးမုံ)

၂၀၁၉ ခုနှစ်၏ အမျိုးသား စာပေ တစ်သက်တာဆုရှင် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင်(ညွန့်မောင် - မန်ူတက္ကသိုလ်)  (ဓာတ်ပုံ- ကြေးမုံ)

နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း

ပြန်ကြားရေး ဝန်ကြီးဌာန၊ အမျိုးသား စာပေဆုစိစစ် ရွေးချယ်ရေး ကော်မတီက ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုရှင်နှစ်ဦး၊ အမျိုးသားစာပေဆု ရရှိသော စာအုပ်များနှင့် စာရေးဆရာများ အမည်စာရင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သည့် ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ် ပြုသောအားဖြင့် စာရေးဆရာကြီး ဦးအံ့မောင်(အံ့မောင်) နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့် – မန်းတက္ကသိုလ်)တို့အား ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များ အဖြစ် ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့အတူ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း ပထမ အကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ် ရွေးချယ်ခဲ့ပြီး အမျိုးသား စာပေဆု ချီးမြှင့်ရန် ရွေးချယ်ခံရသည့် စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြညောခဲ့ရာ ဝတ္ထုရှည် ဆုတွင် မိုးကျော်ဇင် ရေးသားသည့် ငါးဖမ်းသမားစာအုပ် (ကံ့ကော်ဝတ်ရည်စာပေ)၊ ဝတ္ထုတို ဆုတွင် နတ်မောက် အနီချို ရေးသားသည့် လမ်းဆုံးတော့ ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ်(လင်းလွန်းခင် စာပေတိုက်)၊ ကဗျာဆုတွင် ပန်ဒိုရာ ရေးသားသည့် ခရုပစ် လောင်ချာ စာအုပ် ( နှစ်ကာလ များ စာပေ)၊ စာပဒေသာဆုတွင် ဉာဏ်ေ၀ (မြစ်သာမြေ) ရေးသားသည့် နှင်းတောင်တန်းက ပန်းဥယျာဉ် စာအုပ်(ဆိပ်ကမ်းသာ စာပေ)၊ ဘာသာပြန်(သုတ)ဆုတွင် ဘိုးလှိုင် ဘာသာပြန်ဆိုသည့် ဂျဝါဟာလားနေရူး၏ လျှပ်တပြက် ကမ္ဘာ့သမိုင်းစာအုပ် (နှင်းဆီဖြူစာပေ)၊ ဘာသာပြန်(ရသ)ဆုတွင် စိန်ဝင်းစိန် ဘာသာပြန်ဆိုသည့် ဝါဆောက ရုပ်သေးဆရာလေး စာအုပ် (လင်းလွန်းခင်စာပေတိုက်)၊ သုတပဒေသာ(ဝိဇ္ဇာ)ဆုတွင် ဒေါက်တာ ဇော်နိုင်ရေးသားသည့် ၂၀ ရာစု မြန်မာကဗျာများ ပြောင်းလဲ ဖြစ်တည်လာပုံ စာအုပ်(မိုးသောက်ပန်း စာအုပ်တိုက်) တို့က ရရှိခဲ့ကြောင်း သိရသည်။

သုတပဒေသာ(အသုံးချ သိပ္ပံ)ဆုတွင် ဒေါက်တာလှကြည်(အာဟာရ ဆရာဝန်ကြီး) ရေးသားသည့် ကင်ဆာရောဂါနှင့် မြန်မာ့ အစားအစာ စာအုပ် (ရှင်မတောင်စာပေ)၊ နိုင်ငံရေး စာပေဆုတွင် ဆင်ဖြူ ကျွန်း သန်းထွန်း ရေးသားသည့် မြန်မာ့ နိုင်ငံခြား ဆက်ဆံရေးများ စာအုပ်၊ Quality Publishing House ၊ ရသစာတမ်း (အက်ဆေး)ဆုတွင် မောင်ခိုင်လတ် ရေးသားသည့် ဘုရားသခင်နဲ့ ကြွေအန် ကစားသူများ အက်ဆေး စုစည်းမှု စာအုပ်(ဝန်ချတောင်စာပေ) တို့ကို ရွေးချယ်ကြောင်း သိရသည်။

အမျိုးသား စာပေ တစ်သက်တာ ဆုအတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်းစီ ချီးမြှင့်မည် ဖြစ်ကြောင်း၊ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို စာပေ ပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း လောကမှ အတွေ့အကြုံရှိသူများ ပါဝင်သည့် ပုဂ္ဂိုလ် ၅၄ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမ အဆင့်၊ ဆန်ခါတင် အဆင့်၊ အတည်ပြု အဆင့် ဟူ၍ စနစ်တကျ စိစစ် ရွေးချယ်ခဲ့ကြောင်း၊ အဆိုပါ ဆုများကို ၁၃၈၂ ခုနှစ် နတ်တော်လဆန်း (၁) ရက် (စာဆိုတော်နေ့)၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်၊ အင်္ဂါနေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် အမျိုးသား စာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့် သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ (Xinhua)

#၂၀၁၉ ခုနှစ် #မြန်မာ #NationalLiteraryAwards #အမျိုးသားစာပေဆုများ #Xinhua #ဆင်ဟွာ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.