Connect with us

Education & Health

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆,၆၈၅ ဦးရှိပြီးသေဆုံးသူ ၃၀ ဦးရှိ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအရှိန်မြှင့်လုပ်ဆောင်လျက်ရှိ

ရန်ကုန်မြို့တွင် ခြင်ဆေးဖြန်းနေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆,၆၈၅ ဦးရှိပြီး သေဆုံးသူ ၃၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ပြောသည်။မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံစာရင်းတွင် ပါဝင်သော်လည်း ၂၀၂၃ ခုနှစ်တွင် ကူးစက်ခံရသူအရေအတွက်မှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းသွားကြောင်း၎င်းကပြောသည်။

“ဒီနှစ်က မနှစ်ကထက်စာရင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက သိသိသာသာ လျော့နည်းပါတယ်။ ၂၀၂၂ ခုနှစ် တစ်နှစ်လုံး မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၄,၉၇၁ ဦးရှိပြီး သေဆုံးသူ ၉၇ ဦးရှိခဲ့ပါတယ်။ မနှစ်က ဇူလိုင်လလောက်မှာလည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူတော်တော်များနေပါပြီ။ ဒီနှစ်ကတော့ မနှစ်ကထက်စာရင် ဖြစ်ပွားမှု တော်တော်နည်းပါတယ်”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ရန်ကုန်မြို့တွင် ခြင်ဆေးဖြန်းနေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်တွင် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများနှင့် တုန့်ပြန်ဆောင်ရွက်မှုများအား စောစောစီးစီး ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ဇန်နဝါရီလ ကတည်းက သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အားထည့် ဆောင်ရွက်ခဲ့သည့်အတွက် လျော့နည်း ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် ဒေါက်တာသန်းနိုင်စိုးကဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ပိုးလောက်လန်းနှိမ်နှင်းရေးကို နံပတ် (၁) အနေနဲ့ ဆောင်ရွက်တယ်။ နံပတ် (၂) အနေနဲ့ကတော့ ရောဂါရှိတဲ့ လူနာတွေ့ရင် အဲဒီအိမ်မှာ ခြင်ရှိနိုင်တယ်။ ပြီးတော့အဲဒီသွေးလွန်တုပ်ကွေးဖြစ်နိုင်တဲ့ခြင်က ကိုက် (၁၀၀) အတွင်းပဲ ပျံသန်းနိုင်တယ်။ ဒါကြောင့် အနီးအနားဝန်းကျင် အိမ် ၃၀ လောက်အထိ ဒီခြင်က ရှိတယ်လို့ ခန့်မှန်းနိုင်တယ်။ ချက်ချင်းသိတာနဲ့ ဆေးမှုတ်ခြင်း၊ဆေးဖြန်းခြင်းကိုဆောင်ရွက်ပါတယ်။ အဲဒီအခါမှာ ရောဂါရှိတဲ့ခြင်ကသေဆုံးသွားမယ်။ သူကနေဆက်ပြီး ဥဥထားတာရှိရင်လည်း ခြင်ထပ်ပေါက်ပွားနိုင်တဲ့အတွက် အဲဒီနားပတ်ဝန်းကျင်မှာ ပိုးလောက်လန်း နှိမ်နှင်းရေးကို ဆက်လုပ်ရတယ်။ ဒါတွေကတော့ တုံ့ပြန်ဆောင်ရွက်ခြင်းပေါ့။ ဒီသွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းစဉ်မှာ မိုးကျပြီဆိုတာနဲ့ ခြင်းကျားနဲ့ ပိုးလောက်လန်းမရှိစေရေး ဆောင်ရွက်တယ်။တုံ့ပြန်ဆောင်ရွက်ရတာကတော့ ဆေးမှုတ်၊ ဆေးဖြန်းခြင်းအပါအဝင် ပိုးလောက်လန်း လုံးဝမရှိအောင် ထိန်းသိမ်းခြင်းပေါ့။ ဒီအခြေအနေကို ဆက်ပြီးဆောင်ရွက်ရတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ရန်ကုန်မြို့တွင် ခြင်ဆေးဖြန်းနေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။

“သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံး က ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး၊ ဒုတိယအများဆုံးက မွန်ပြည်နယ် နဲ့ တတိယကတော့ ရှမ်းပြည်နယ် တို့ဖြစ်ပါတယ်။ သေဆုံးမှုနှုန်းက အများဆုံးအနေနဲ့ ရှမ်းပြည်နယ် ၅ဦးသေဆုံးပြီး သေဆုံးမှုအများဆုံးပြည်နယ်ဖြစ်ပြီး ဒုတိယအနေနဲ့ ကတော့ ရန်ကုန်တိုင်းဒေသကြီးက ၄ ဦး၊ မွန်ပြည်နယ် က ၃ ဦး နဲ့ တတိယသေဆုံးမှု အများဆုံးဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နှင်းရေး လုပ်ဆောင်ချက်များကို လုပ်ဆောင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့့််၊ ကျန်းမာရေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့တို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ပြီး၊ ဒေသခံစေတနာ့ဝန်ထမ်းအဖွဲ့ များနှင့်လည်း အခါအားလျှော်စွာ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

“နိုင်ငံတကာမှာလည်း အပူပိုင်းဇုန်လို့ခေါ်တဲ့ Tropical Zone က ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုပြီးကျယ်လာတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း အမြင့်ပေမြင့်မားတဲ့နေရာဖြစ်တဲ့ချင်းပြည်နယ် မှာ ၁၉၇၀ ပြည့်နှစ်များနဲ့ ၁၉၈၀ ပြည့်နှစ်များမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားတာကို မတွေ့ရှိရဘူး။ အခုကတော့ ကမ္ဘာကြီးပူနွေးမှုရဲ့ အကျိုးသက်ရောက်မှုကြောင့် ချင်းပြည်နယ်မှာပါ သွေးလွန်တုပ်ကွေးဖြစ်ပွားလာတာတွေ့ရပါတယ်။ အခုလိုအယ်နီညိုဖြစ်စဉ်တွေပေါ်လိုက်ပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားလာတာမျိုးလည်းတွေ့ရပါတယ်။ “ဟု ဒေါက်တာသန်းနိုင်စိုးကပြောသည်။

မိုးရာသီတွင် ဖျားနာသည့် ကလေးများကို ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ထားသည်။ ကျန်မာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များကို အခြေခံ၍ သွေးလွန်တုပ်ကွေးရောဂါ ကုသရန် လမ်းညွှန်ချက်များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအနှံ့ ရှိ တိုက်နယ်ဆေးရုံများအထိဖြန့်ဝေထား ကြောင်းသိရသည်။

သွေးလွန်တုပ်ကွေးသည် အေးဒိစ် (Aedes) ခြင်ကျားမှ ကူးစက်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ ဂလင်းများ ရောင်ရမ်းခြင်း၊ အော့အန်ခြင်းနှင့် အနီကွက်များထွက်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးကာလမှာ မိုးရာသီဖြစ်ပြီး အထူးသဖြင့် ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အများဆုံး ဖြစ်ပွားလေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မကြာသေးမီနှစ်များအတွင်း အသက် ၁၅ နှစ်အထက် လူများကိုပါ ကူးစက်စေနိုင်သောကြောင့် နေအိမ်များအနီးတစ်ဝိုက်တွင် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို ဖယ်ရှားရှင်းလင်းရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အရေးကြီးကြောင်းဒေါက်တာသန်းနိုင်စိုးကဆိုသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးကြောင့် နှစ်စဉ်ပျမ်းမျှ သေဆုံးမှုနှုန်းမှာ ၀.၄ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)