Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်ရှိ မြို့နယ်တချို့တွင်ရေကြီးရေလျှံမှုဖြစ်ပွား

မွန်ပြည်နယ် မုဒုံမြို့နယ် ရေကြီးမှု တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-- Myanmar Fire Service Department)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်ရှိမော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်မရောမြို့နယ်  အစရှိသည့်မြို့နယ်များတွင်  သြဂုတ် ၂၁ ရက်မှ စ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးများဆောင်ရွက်၍ ဒေသခံများအား ဘေးလွတ်ရာ ရေဘေးရှောင် စခန်းများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ယခုအချိန်အထိ သေဆုံးသူ ဒဏ်ရာရရှိသူမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ 

မုဒုံမြို့နယ်မြို့မ ၄ ရပ်ကွက် တွင်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် ယနေ့ ၁၃း၃၀ နာရီ မှစ၍ ယခုအချိန် အထိကယ်ဆယ် ရေးများဆောင်ရွက်၍ ရပ်ကွက်နေပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်လျက်ရှိကြောင်း မုဒုံမီးသတ်တပ်ဖွဲ့ မှ ဦးစီးအရာရှိ ဦးမြင့်ဦးက ဆင်ဟွာသို့ သြဂုတ် ၂၂ ရက် တွင်ပြောသည်။ 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရေကြီးမှု တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ– Myanmar Fire Service Department) 

ဦးမြင့်ဦးက “မိုးကမနေ့ ကတည်းက ရွာတာ။ အခုထိ ရွာတုန်းပဲ။ ဒါကြောင့် ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့တွေ နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်း ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပါတယ်။ အခုထိတော့ ထိခိုက်ဒဏ်ရာရသူ နဲ့ သေဆုံးသူ မရှိပါဘူး” ဟုပြောသည်။

ထို့ အတူ မော်လမြိုင်မြို့ တောင်ဝိုင်း ဥယျာဉ်လမ်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် သြဂုတ် ၂၁ ရက် ၁၄း၃၀ နာရီ မှ စ၍ ယခုအချိန် အထိကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း မော်လမြိုင်မီးသတ်တပ်ဖွဲ့ မှ ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်နေသူ ကိုဘိုဘိုဝင်း က ဆင်ဟွာသို့ပြောသည်။

ထို့အတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက်တို့၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်ဝင်းများ အတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း နှင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် စမ်းနှစ်ခွ ရပ်ကွက်၊ ရှင်စောပုရပ်ကွက်နှင့် ရန်မျိုးအောင်ရပ်ကွက်ရှိ လူနေအိမ်ဝင်းများအတွင်းသို့ ရေများဝင်ရောက်လျက်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံရှေ့ ကားလမ်းမပေါ်၌ ရေကျော်၍ ကားအသေးများ၊ ဆိုင်ကယ်များ သွားလာ၍ မရသေးသဖြင့် ပရဟိတအဖွဲ့ များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်း ဩဂုတ်၂၂ရက် နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နံနက် ၁၁ နာရီခွဲအချိန်မှ စတင်ကာ ကျောင်းပိုင်းရပ်ကွက် အနိမ့်ပိုင်းနေရာများရှိနေအိမ်များသို့ ရေဝင်ရောက်သဖြင့် အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၁၁၀) ဦးတို့အားရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအဖွဲ့များမှ ရပ်ကွက် (မူလွန်) ကျောင်း၌ယာယီပြောင်းရွှေ့နေရာချထားပေးကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

မွန်ပြည်နယ် တွင် မိုးကြီးမည့်သတိပေးချက်ကိုလည်းထုတ်ပြန်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန မြစ်ရေဌာနခွဲမှ ဦးစီးအရာရှိ ဦးချစ်ထွေးထွန်းပြောကြားချက်အရသိရသည်။

ဦးချစ်ထွေးထွန်းက “မြစ်ရေကြီးခြင်းထုတ်ပြန်ချက်တွေ ကျွန်တော်တို့ အချိန်နဲ့ တပြေးညီထုတ်ပြန်နေပါတယ်။ ပြီးတော့ မိုးရွာသွန်းမှု ပုံစံပြောင်းတယ်။ မိုးလယ်ကာလရဲ့နောက်ပိုင်းကာလလည်းဖြစ်တယ်။ လေဖိအားနည်း ရပ်ဝန်းလည်းဖြစ်နေတော့ မိုးရွာသွန်းမှုများနေတော့  ပြည်သူတွေ အနေနဲ့ ရေကြီးမှု ဘေးအတွက် ကျွန်တော်တို့ မိုးဇလ ရဲ့ ထုတ်ပြန်ချက်တွေ ကိုစောင့်ကြည့်ပါ။ ကျွန်တော်တို့ မိုးဇလကိုလည်း ဆက်သွယ်မေးမြန်းလို့ရပါတယ်” ဟု ဆင်ဟွာကို ပြောသည်။ 

မြစ်ရေကြီးခြင်း စိုးရိမ်ရေမှတ် သို့ ရောက်ရန် ၁ ပေ၊ ၂ ပေ အလို လောက်မှာပင် မြေနိမ့်သည့်နေရာတွင် ရှိသော မြို့များ၊ ကျေးရွာများ၊ ရပ်ကွက်များ တွင် ရေဝင်ရောက်နိုင်ကြောင်း သိရသည်။ ယနေ့ညနေမှ စ၍  သြဂုတ် ၂၃ ရက် နံနက်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ညနေ ၄ နာရီ တွင်ထုတ်ပြန်ခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.