Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်ဒေသတွင်  ကျောက်စိမ်းတူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက် ချထားပေးမည်

ဖားကန့်ဒေသအတွင်းရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တစ်ခုအားတွေ့ရစဉ် (MOI)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ် ကျောက်စိမ်း တူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက်အား ခွင့်ပြုချထားပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လုပ်ကွက်များလုပ်ကိုင်နိုင်ရန် အဆိုပြုလျှောက်လွှာ များကို မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးအဝင် OSS (One Stop Service) ရုံး၌ ယနေ့ ဩဂုတ် ၂၄ ရက်မှ စတင်၍ စိစစ်ရောင်းချပေးနေကြောင်း သိရသည်။ဖားကန့်ဒေသအတွင်း ပထမအကြိမ် လက်လုပ်လက်စား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များအဖြစ် (၃၇၆) ကွက်ကို ချထားပေးရန် အဆိုပြုလျှောက်လွှာပေါင်း (၃၃၂) စောင် ရောင်းချခဲ့ရသော်လည်း အမှန်တကယ် လျှောက်လွှာ တင်သူ (၁၄၁) ဦးသာ ရှိခဲ့ကြောင်း၊ပထမအကြိမ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လုပ်ကွက် (၈၇) ကွက်ကို သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုခဲ့ ကြောင်း သိရသည်။

လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်လျှင် ပြည်နယ်အစိုးရအဖွဲ့သို့ အခြေခံစပေါ်ငွေကျပ် (၅၀၀,၀၀၀)၊ မှတ်ပုံတင်ကြေး ငွေကျပ် (၃,၀၀၀)၊ လျှောက်လွှာ တစ်စောင်(၁,၀၀၀)၊ ကွင်းဆင်းစစ်ဆေးခ ငွေကျပ်(၅၀,၀၀၀)နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရပါက CSR (ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ) အတွက် ငွေကျပ်(၁၀၀,၀၀၀) တို့ကို ပေးသွင်းရမည် ဖြစ်ပြီး လုပ်ကိုင်ခွင့်ပြုသည့် တစ်နှစ်အတွင်း လေးပင်စနစ်၊ ကိုးပင်စနစ်၊ တွင်းလုံးစနစ်၊ မျောစနစ်၊ အင်းဗြဲစနစ်၊ လူးလက်ကြားစနစ်(လူအားဖြင့်သာ) တို့ကို ရေစုပ်စက်၊ လေပေးစက်၊ မီးစက်၊ ကျောက်ဖောက်စက်(Had Drill)၊ ဗြုံးခါစက်များ အသုံးပြုလျက် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“လုံးခင်း/ဖားကန့် ရတနာ နယ်မြေမှာက ပထမအကြိမ် လက်လုပ်လက်စား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ချပေးတုန်းက လုပ်ကွက် လျှောက်ဖို့ကျန်တဲ့ လုပ်ကွက် တွေထဲက ဒုတိယအကြိမ် ပြန်ချထားပေးတာဖြစ်ပါတယ်” ဟု ကချင်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး  ဦးဒါရှီလဆိုင်းက ပြောကြားခဲ့သည်။

ခွင့်ပြုချထားပေးသည့် လက်လုပ်လက်စား စည်းမျဉ်းများအဖြစ် လုပ်ကွက်တစ်ကွက်လျှင် တစ်ဧကဖြစ်ပြီး အိမ်ထောင်စု ဇယားပုံစံ (၆၆/၆) အိမ်ထောင်စု စာရင်းနှင့် ကချင်ပြည်နယ် မှတ်ပုံတင် (၁/….) ကိုင်ဆောင်ထားသူများဖြစ်ရမည့်အပြင် အိမ်ထောင်စု ဇယားပုံစံ (၆၆/၆) တစ်စောင်လျှင် လုပ်ကွက်(၁)ကွက်သာ လျှောက်ထားခွင့်ရှိပြီး၊ အိတ်ပိတ်တင်ဒါစနစ်အရ လုပ်ငန်းလုပ်ကိုင်ရန် လုပ်ကွက်လျှောက်ထားမှု တူညီနေပါက အခြေခံသတ်မှတ်ဈေးနှုန်းထက် စပေါ်ငွေပိုတင်ထားသူက အသာရမည် ဖြစ်ကြောင်း သိရသည်။

ဒေသခံဦးစားပေးစနစ်အရလည်း မှတ်ပုံတင်(၁/…)ကိုင်ဆောင်ထားသူချင်း လျှောက်ထားမှုလုပ်ကွက်တူညီနေပါက မြစ်ကြီးနား၊ ဝိုင်းမော်မှတ်ပုံတင် ကိုင်ဆောင်ထားသူထက် ဖားကန့်/ကာမိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူက အသာရမည်ဖြစ်ပြီး ဆက်လက် တူညီနေပါက အခြေခံသတ်မှတ်ဈေးနှုန်းထက် စပေါ်ငွေပိုတင်ထားသူက အသာရမည့်ပုံစံ အဆင့်ဆင့် တိုင်းတာအကဲဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အခြေခံ လက်လုပ်လက်စား လျှောက်ထားလုပ်ကိုင်သူများ မနစ်နာစေရေးအတွက် အလတ်စားနှင့် အသေးစား လုပ်ကွက် လုပ်ကိုင်ခွင့် ရထားသူများ ဝင်ရောက်လျှောက်ထားခွင့်မရှိဘဲ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတစ်ခုခုမှ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်သူများလည်း လျှောက်ထားခွင့်ပြုမည့်စာရင်းထဲ မပါဝင်ကြောင်း ကချင်ပြည်နယ် လုပ်ကွက်စိစစ် ချထားပေးရေးအဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

လုပ်ကွက်လျှောက်ထားသူများအနေဖြင့် တူးဖော်ခွင့်မရရှိပါက ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ တင်သွင်းထားသည့် အာမခံ စပေါ်ငွေကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး တူးဖော်ခွင့်ရရှိသူများအနေဖြင့် သတ္တုတွင်းဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည့် အမိန့်ကြော်ညာစာအမှတ် (၁၂၃/၉၉) အတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်သည့်အပြင် တူးဖော်ခွင့်ပြုသည့် တစ်နှစ်အတွင်း သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီပါက ထပ်မံနှစ်တိုး တူးဖော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117