Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် သင်္ဘောနစ်မြုပ်မှုဖြစ်ပွား၊ ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်

သင်္ဘောနစ်မြုပ်မှုအား ကယ်ဆယ်ရန် မာန်အောင်မြို့နယ်မီးသတ်စခန်းမှ သွားရောက်ရန် ပြင်ဆင်နေမှုအားတွေ့ရစဉ်(ရခိုင်မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကျောက်ဖြူခရိုင်၊မာန်အောင်မြို့၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်သည့် သင်္ဘောသည် ယနေ့ နံနက် ၄နာရီခွဲခန့်က နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။

“ သင်္ဘောပေါ်မှာ ၂၅ဦးလောက်ပါမယ်၊ ၁၀ဦးကျော် ပျောက်နေတုန်း၊ ကျွန်တော်တို့ နစ်မြုပ်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

လက်ဖက်ကျွန်းမီးပြတိုက်သို့ ဖေဖော်ဝါရီ ၈ ရက်က မီးပြတိုက် ပြုပြင်ရန် ရောက်ရှိနေသော အဆိုပါ “ဆင်ပြောင်”အမည်ရှိ သဘောၤသည် ကမ်းတွင် ကျောက်ချထားရာမှ သင်္ဘောတစ်ခြမ်းစောင်းပြီး နစ်မြုပ်သွားကြောင်း၊ သင်္ဘောနစ်နစ်ချင်း လူ(၇)ဦး အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်တွေ့ရှိပြီး အလောင်း ၂လောင်း ရှာဖွေတွေ့ရှိထားကြောင်း ၊ ကျန် ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သင်္ဘောနစ်မြုပ်မှုတွင် ပါဝင်သူတစ်ဦး၏ သားဖြစ်သူက ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

“ သင်္ဘောက ၃မိနစ်တွင်း တစ်ခြမ်းစောင်းပြီး နစ်သွားတယ်၊ ကျွန်တော်အဖေကိုတော့ ခုထိ ရှာမတွေ့သေးဘူး၊ ဆက်ရှာနေတယ်ပြောတယ်”ဟု ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.