Connect with us

Environment, Disasters & Accidents

မြန်မာ့ပင်လယ်ပြင်၏ ၃ရာခိုင်နှုန်းကျော်ကို အဏ္ဏဝါထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ပြီးဖြစ်၊ နောက်ထပ် ဧရိယာသစ်များထပ်မံသတ်မှန်ရန်ဆောင်ရွက်လျက်ရှိ

မြန်မာ့ပင်လယ်ပြင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ့ပင်လယ်ပြင်၏ ၃ရာခိုင်နှုန်းကျော်ကို အဏ္ဏဝါထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ပြီးဖြစ်ကြောင်း ၊ ၂၀၂၁ ခုနှစ်တွင် နောက်ထပ် အဏ္ဏဝါထိန်းသိမ်းရေးဧရိယာသစ်များ ထပ်မံသတ်မှတ်ရန်ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၃ ရက်တွင်ပြောသည်။

“တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်းကျွန်းနှင့် ကော့ရဲကျွန်းနှစ်ခုကြား ရေပြင်ကို အဏ္ဏဝါထိန်းသိမ်းရေး ဧရိယာအဖြစ် ၂၀၂၀ပြည့်နှစ်မှာ သတ်မှတ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။အဏ္ဏဝါထိန်းသိမ်းရေးဧရိယာတွေ ထူထောင်ခြင်းက မြန်မာနိုင်ငံ မှာရှိတဲ့မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေတဲ့ ငါးသံယံဇာတများကို ကာကွယ်ထိန်းသိမ်းနိုင်မှာဖြစ်သလို မြန်မာနိုင်ငံရဲ့အမျိုးသားဇီဝ မျိုးစုံမျိုးကွဲများနဲ့ နည်းဗျူဟာမြောက်လုပ်ဆောင်မှု အစီအစဉ်ကို အထောက်အကူပြုမှာဖြစ်ပါတယ်’’ ဟု၎င်းကပြောကြားသည်။

အဆိုပါ အဏ္ဏဝါထိန်းသိမ်းရေးဧရိယာတွင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားဥယျာဉ်ဖြစ်သည့် လန်ပိကျွန်းလည်း ပါဝင်ကြောင်း၊ ထိုသို့သတ်မှတ်ခြင်းကြောင့်ကမ္ဘာ့မျိုးသုဉ်းရှားပါးရေသတ္တဝါများဖြစ်သော ရေဝက်များ ၊ ငါးမန်းများ၊ အန္တရာယ်ကျရောက်နေသော ဒီရေတောများ၊ သန္တာကျောက်တန်းများနှင့် ပင်လယ်ငါးမျိုးစိတ်သစ်များကို ကာကွယ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း ၊ ထို့ပြင် အဆိုပါ ကန့်သတ်နယ်မြေ၏ မိုင် ၆၀ ပတ်လည်တွင် ငါးဖမ်းရေယာဉ်များကို ဖမ်းဆီးခွင့်မပြုကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကမ်းနီးသက်ရောက်ဇုန် ၁၀၀ ကျော်ရှိကြောင်း၊ ဆက်လက်၍ အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေး ဧရိယာများ တည်ထောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကနဦး လေ့လာဆန်းစစ်မှုများဆောင်ရွက်လျက်ရှိကြောင်း ဦးမြင့်ဇင်ထူးက ဆိုသည်။ (Xinhua)