Connect with us

Environment, Disasters & Accidents

လုံးခင်း၊ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ၊ အစီရင်ခံစာအား သမ္မတရုံးသို့ ဆောလျင်စွာ တင်ပြရမည် 

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျရာနေရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၌ ဇူလိုင် ၂ ရက်တွင် မြေပြိုကျခဲ့၍ ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး ၊ ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ် နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ် နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ ထုတ်ပြန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ဆောလျင်စွာ တင်ပြရန် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။ 

စုံစမ်းစစ်ဆေးရေး အဖွဲ့ ၏ လုပ်ငန်းတာဝန်များမှာ မြေပြိုကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားရသည့်အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်ရန်၊ ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် တာဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ရန်၊ ဖြစ်စဉ်တွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုများအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ စီစဉ်ဆောင်ရွက်ပေးရန်၊ နောင်အလားတူဖြစ်စဉ် မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမည့် အစီအမံများကို အကြံပြုတင်ပြရန်ဖြစ်ကြောင်း သိရသည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ၊ အတွင်းရေးမှူးအဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန  မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ ၊ တွဲဖက်အတွင်းရေးမှူး အဖြစ် ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဇော် အပါအဝင် စုစုပေါင်း ၆ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ 

ဖားကန့်မြို့နယ်၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၌ ဖြစ်ပွားခဲ့သော မြေပြိုကျမှုတွင် ဇူလိုင် ၃ ရက် နေ့လည်ပိုင်းအချိန်အထိ သေဆုံးသူ ၁၇၂ ဦး နှင့် ဒဏ်ရာရရှိသူ ၅၄ ဦး ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။ (Xinhua)