Myanmar
(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ
![](https://xinhuamyanmar.com/wp-content/uploads/2023/09/14w01.jpg)
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (20th ASEAN Air Chiefs Conference = 20th AACC)ကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
![](https://xinhuamyanmar.com/wp-content/uploads/2023/09/14w02.jpg)
(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကျင်းပစဥ် (ဓာတ်ပုံ-MOI)
အဆိုပါအစည်းအဝေးကို ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံ လေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များကလည်း Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၌ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ” ASEAN Air Forces’ Cooperation for Sustainable Environment ” အကြောင်းအရာအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက အဆိုပါ အကြောင်းအရာကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် သီးခြား ဆွေးနွေးလိုသောအချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး သဘာပတိကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် ထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)