Connect with us

Myanmar

မော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၆,၀၀၀ ပြား နှင့် နှင့် စစ်ကိုင်းမြို့တွင် ဘိန်းစိမ်း ၁၈ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၆,၀၀၀ ပြား နှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ဘိန်းစိမ်း ၁၈ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ ဒီဇင်ဘာ ၂၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူတို့အား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၁ ရက် ၁၇:၃၀ နာရီက မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာ၊ မော်လမြိုင်-ကျိုက္ခမီသွားကားလမ်းတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၂ ဦး သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၆,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၉၂၀) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အတူ ဒီဇင်ဘာလ ၂၂ ရက် ၀၉:၀၀ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ ရတနာပုံတံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ အင်းတော်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် အမျိုးသမီး ၂ ဦး သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၁၈ ကီလိုဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၇၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)