Connect with us

Politics, Law & Military

တာဝန်ကျေပွန်ရန်အတွက် လုပ်ဆောင်နိုင်လျှင် ၂၀၂၁ ခုနှစ်သာမက နောင်လာမည့်နှစ်များတွင် မြန်မာနိုင်ငံအတွက် စိတ်ချရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ်မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ပြည်သူများအားလုံး တာဝန်ကျေပွန်ရန်အတွက် လုပ်ဆောင်နိုင်လျှင် ၂၀၂၁ ခုနှစ်သာမက နောင်လာမည့်နှစ်များတွင် မြန်မာနိုင်ငံအတွက် စိတ်ချရမည်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

“တာဝန်ကျေဖို့ရာ ပထမလိုအပ်ချက်က တာဝန်သိဖို့ပဲ ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟရဲ့ တွန်းပို့မှုက ပေါ်လာတဲ့ လိုအင်ဆန္ဒတွေဟာ ကိုယ့်ရဲ့ တာဝန်တွေပဲလို့ မှားပြီး မထင်မိဖို့ အင်မတန်အရေးကြီးပါတယ်။ တာဝန်ကိုအမှန်သိဖို့ ကြိုးစားကြပါ။ ကိုယ့်ရဲ့ လိပ်ပြာကြေးမုံရှေ့မှာ တည့်တည့်ရပ်ပြီး ကိုယ်ကတာဝန်ပါလို့ သတ်မှတ်ထားတာဟာ ကိုယ့်အတွက်လား၊ အခြား အများအတွက်လား၊ ယူဖို့အတွက်လား၊ ပေးဖို့အတွက်လား၊ သတ္တိရှိရှိနဲ့ အဖြေမှန်ကို လက်ခံပြီး၊ တာဝန်ကျေပွန်ဖို့အတွက် ကျွန်မတို့ ပြည်သူတွေ လုပ်ဆောင်နိုင်မယ်ဆိုရင် ၂၀၂၁ ခုနှစ်မှာသာမက၊ နောင်လာမည့်နှစ်တွေ မြောက်များစွာမှာလည်း ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွက် စိတ်ချရမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၂၀ အလွန် ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးလမ်းကြောင်း အထင်အရှား၊ အဆင်သင့် ရှိနေပြီ ဖြစ်သောအချိန်၌ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအပြင် NCA လက်မှတ် မထိုးရသေးသည့်အဖွဲ့များကို ပူးပေါင်းပါဝင်လာနိုင်ရန်အတွက် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချဉ်းကပ်မှုအသစ်များနှင့် ဘက်စုံထောင့်စုံ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အထောက် အကူပြုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့ အစည်းများကအစ ပြည်သူများ အပါအဝင် အဓိကအင်အားစုများအဆုံး အကျေအလည် ဆွေးနွေးနိုင်မည့် ပြန်လည် သုံးသပ်ရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံစဉ်းစားပြီး ကိုယ်စားပြုမှုနှင့် ထိရောက်မှု ဟန်ချက်ဘက်ညီမျှတစေမည့် “၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်း တည်ဆောက်မှုအသစ်” (New Peace Architecture) ကို အရှိန်အဟုန်နှင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ “ပင်လုံစာချုပ်” လက်မှတ်ရေးထိုးမှုနှစ်ပေါင်း (၇၅)နှစ် ပြည့်မြောက်မည့် “စိန်ရတုနှစ်” ဖြစ်သော၂၀၂၂ ခုနှစ်မှာ ပြည်ထောင်စု၏ ပန်းတိုင်ကို အတူတကွ ဆက်ပြီး လျှောက်လှမ်းသွားမည့် လမ်းကြောင်းများ ခိုင်ခိုင်မာမာ ထင်ထင်ရှားရှား လှမ်းမြင်နေရသည့် အားတက်ဖွယ်ရာ အခြေအနေတစ်ရပ်ကို ရောက်ရှိလာရန် ရည်မှန်းချက်ထားပြီး ၂၀၂၀ အလွန်ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်အနေနှင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အစီအစဉ်အရ ဖေဖော်ဝါရီလတွင် ကာကွယ်ဆေးများကို ဦးစားပေးရမည့် အစုအဖွဲ့ ဖြစ်သည့်ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံး စတင်ထိုးပေးမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးရရှိရေးကို ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေသောကြောင့် ယှဉ်ပြိုင်မှုများကြောင်း၊ သို့သော်လည်း ၂၀၂၁ ခုနှစ်တစ်လျှောက် ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်း၊ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆရကြောင်း၊ ကာကွယ်ဆေးမထိုးရသေးမီကာလအတွင်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး COVID -19 အောင်နိုင်ရေးကို ပံ့ပိုးပေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံပါကြောင်း၊ အားလုံးသတိရှိရန်၊ သည်းခံကြရန်၊ အနာဂတ်ကို ရှေးရှုပြီး အားတင်းထားကြရန်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ရှေ့လာမယ့် (၅) နှစ်တာ အတွင်းမှာ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ၊ ကျန်းမာရေး၊ အထောက်အကူပစ္စည်းတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်ဖို့၊ နိုင်ငံတကာအဆင့်မှီဆေးရုံတွေ၊ ဆေးခန်းတွေနဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နည်းပညာတွေ တိုးတက်မြင့်မားလာဖို့၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ပြီး ပြည်ပထွက်ငွေ လျှော့ချနိုင်ဖို့အတွက် ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တစ်ရှိန်ထိုး တိုးတက်လာဖို့ အထူးအစီအမံတွေ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

လုပ်နည်းလုပ်ဟန်အရ စနစ်ဟောင်းကို လမ်းခွဲပြီး ပြည်သူ့အကျိုးပြု ကိစ္စရပ်များထဲ၌ လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြေခံအဆောက်အအုံ ကောင်းမွန်အောင် တည်ဆောက်မှု များနှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လျှပ်စစ်မီးလင်းရေးကိစ္စများလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

“ကျွန်မတို့ အစိုးရတာဝန်ယူချိန်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု (၃၄ ရာခိုင်နှုန်း) ပဲ ရှိခဲ့ပါတယ်။ ဒီကနေ့ဒီအချိန်မှာတော့ တစ်နိုင်ငံလုံးရဲ့ (၅၇ ရာခိုင်နှုန်း) နီးပါး ရရှိနေပြီ ဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ်မှာ တစ်နိုင်ငံလုံးရဲ့ (၇၅ ရာခိုင်နှုန်း)၊ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး (၁၀၀ ရာခိုင်နှုန်း) ကျော် ရရှိလာအောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြာင်း အသိပေးလိုပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)