Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြား

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ - Myanmar President Office)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စသည့် နိုင်ငံခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့်နှစ်များအတွင်း မိမိတို့အစိုးရသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားများ ပြည့်ဝ ကောင်းမွန်ရေး၊ နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကြီး (၁၁) ရပ် သတ်မှတ်ပြီး ရေတို၊ ရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြီးမြောက်အောင်မြင်ခဲ့သော လုပ်ငန်းအများအပြားရှိသကဲ့သို့ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများလည်း ကျန်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

လာမည့်နှစ်များအတွင်း ဆောင်ရွက်ဆဲ လုပ်ငန်းများပြီးစီးရုံသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍနယ်ပယ်အသီးသီးတွင် နိုင်ငံသူနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သည့် အနေအထားများနှင့် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ရန် ပြည်သူများနှင့် လက်တွဲပြီး ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ပြည်သူများအားလုံးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အလေးအနက်ထားပြီး စုပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့်သာ မိမိတို့လိုလားသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ပြီး နိုင်ငံတစ်ဝန်း တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နိုင်ကြကြောင်း၊ နိုင်ငံတော်၏အရေးတွင် နိုင်ငံသူ နိုင်ငံသားများအားလုံး တစ်ခဲနက်ပါဝင်ဆောင်ရွက်ပေးကြရန်လည်း ပန်ကြားလိုကြောင်း သမ္မတက ဆိုသည်။

COVID-19 အလွန်ကာလများတွင် ပြည်သူတို့၏ လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုများလျော့ပါးစေရေးအစီအစဉ်များနှင့် စီးပွားရေးကုစားမှုအစီအစဉ်များ ပါဝင်သည့် စီမံကိန်းများကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု၏ ညီညွတ်မှုစွမ်းအားနှင့် ကိုဗစ်ကပ်ရောဂါဘေးကြောင့် ဖြစ်လာသော ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကျော်လွှားအောင်မြင် နိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

 ဒုတိယသမ္မတ ဦးမြင့်ဆွေ နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ – Myanmar President Office)

 

ဒုတိယသမ္မတ ဦးမြင့်ဆွေက “နှစ်သစ်မှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် နိုင်ငံတော်အတွက်အကျိုးပြုနိုင်သူများ ဖြစ်ကြပါစေ။ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ကြပါစေ။ COVID-19 ကပ်ရောဂါဘေးမှလည်း အမြန်ဆုံးကင်းဝေးပြီး ကျန်းမာခြင်းသုခများနဲ့ ပြည့်စုံကြပါစေ။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ “ငြိမ်းချမ်းရေး” ကို အမြန်ဆုံး ရရှိနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်” ဟု နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ – Myanmar President Office)

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က နှစ်သစ်တွင် နှစ်ဟောင်းများ၏ အတွေ့အကြုံတွေကနေ သုံးသပ်ဆင်ခြင်ကာ
ထုတ်ယူရရှိသည့် သင်ခန်းစာကောင်းများကို အထိရောက်ဆုံး အသုံးပြုနိုင်ကြရန် ၊တိုင်းရင်းသားပြည်သူတို့၏ မျှော်လင့်ချက်များအားလုံး ပြည့်ဝအောင် စုပေါင်း
အင်အားနှင့် ဆောင်ရွက်နိုင်ကြစေရန်နှင့် COVID-19 ကပ်ရောဂါဘေးမှ ကင်းဝေးလွန်မြောက်ပြီး ၂၀၂၁ ခုနှစ်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်ဝသော နှစ်သစ်ဖြစ်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ် )

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်များ၊ မွေးမြူရေး လုပ်ငန်းများစသော ရနိုင်သောနယ်ပယ်အသီးသီး၌ အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းအားဖြင့် လူသားအားလုံးအကျိုး ဖြည့်ဆည်းပေးနိုင်သည့်အပြင် နိုင်ငံ၏လူမှုစီးပွားလည်း တိုးတက်လာမည်ဖြစ်ကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမည့် မည်သည့်ကိစ္စမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ထိ ၂ နှစ်ကြာ အပစ် အခတ်ရပ်စဲပေးခဲ့ကြောင်း၊ ဆက်လက်ပြီး အဖြစ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်အလွန်ကာလတွင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်းသာယာမှုရှိပြီး မိမိတို့ ဒေသ၊ မိမိတို့ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်မည်ဆိုသည်ကို မျှော်တွေးဆောင်ရွက်သွားကြစေလိုကြောင်း ၎င်းကဆိုသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသည်။ (Xinhua)