Connect with us

Politics, Law & Military

တပ်မတော်၌ ခေတ်မီနည်းပညာသုံး လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ပစ္စည်းလက်နက် ကိရိယာများ ဝယ်ယူမှုအပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆို

လေကြောင်း အတတ်သင် လေတပ်စခန်း၌ ကျင်းပပြုလုပ်သော (၆၈)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည် အထိမ်းအမှတ်နေ့ ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တပ်မတော်ကို နိုင်ငံတကာ တပ်မတော်များ နှင့် ရင်ပေါင်တန်းနိုင်အောင် ခေတ်မီနည်းပညာသုံး လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ပစ္စည်းလက်နက်ကိရိယာများ ဝယ်ယူဖြည့်တင်းခြင်း နှင့်အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းလုပ်ဆောင် သွားရမည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်း၌ ကျင်းပပြုလုပ်သော (၆၈)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည် အထိမ်းအမှတ်နေ့၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

ခေတ်မီတပ်မတော်တစ်ခုအဖြစ် ရည်မှန်းပြီး ဖွဲ့စည်းတည်ဆောက်ရာတွင် လူသားအရင်းအမြစ်၊ လက်နက်နည်းပညာနှင့် ဓနအင်အားတို့ လိုအပ်သကဲ့သို့ တပ်မတော်သားများအနေဖြင့် စည်းကမ်းစနစ်တကျ ရှိရန်လည်းလိုအပ်ကြောင်း ၎င်းက ဆိုသည်။

(၆၈)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည် အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ပဉ္စမအကြိမ် တပ်တော်ဝင် လွှဲပြောင်းပေးမှုအပါအဝင် စုစုပေါင်းလေယာဉ် ၅ မျိုး၊ ၃၇ စီး နှင့် ရဟတ်ယာဉ် ၃ မျိုး၊ ၉ စီးတို့ကို တပ်မတော်(လေ)သို့ အောင်မြင်စွာ လွှဲပြောင်းပေးခဲ့ပြီး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.