Connect with us

Politics, Law & Military

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူချော ယနေ့ ရေးဆွဲပြီးစီး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တတိယအကြိမ် စုံညီအစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MPC)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ယနေ့ ကျင်းပသည့် တတိယအကြိမ် စုံညီအစည်းအဝေး၌ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲ ပြီးစီးခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ထံမှ သိရသည်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အား နိုင်ငံတော်သမ္မတထံ တရားဝင် ပေးအပ်သွားမည်ဖြစ်ကြောင်း UPWC ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

အဆိုပါ မူချောကို နိုင်ငံတော်သမ္မတက ၂၀၁၆ ဇန်နဝါရီ ၁၅ မတိုင်မီ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်သွားရမည်ဖြစ်မည်။

ယင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူချော ကို အပြီးသတ်ရေးဆွဲပြီး ဖြစ်သဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အား အချောသတ် သဘောတူ ရေးဆွဲနိုင်ရေး အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် နေပြည်တော် Horizon Lake View Hotel တွင် ကျင်းပခဲ့ပြီး အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ပါဝင်သည့် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ စသည့် ၁၆ ဦးကျစီပါဝင်သည့် အစုအဖွဲ့သုံးစုမှ ကိုယ်စားလှယ်များက ဆွေးနွေး သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) ကို လက်မှတ် ရေးထိုးပြီး နောက်ပိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအရ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ် အချောသတ် ရေးဆွဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ (Xinhua)